နှစ်ဦးမှာ လေရူးများနှင့်အတူ နပန်းလုံးနေသည့် အပူချိန်

ပြေအေးသက်

မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်း ဟူ၍ ရာသီဥတုသုံးမျိုးရှိရာ ယခုအခါ ဆောင်းကုန်၍ နွေဥတုသို့ကူးပြောင်းနေသည့် နွေဦးကာလပင် လွန်လာနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အပူဆုံးအချိန်ကာလသည် ဧပြီလဖြစ်၍ ယခုအချိန်သည် အပူဆုံးအချိန်ကာလကို ဖြတ်သန်းနေရသည့် အချိန်လည်းဖြစ်သည်။ မြန်မာနိုင်ငံသည် အပူပိုင်း မုတ်သုံရာသီဥတုမျိုးရရှိပြီး ရာသီဥတု အခြေအနေမှာ မြေမျက်နှာသွင်ပြင်အရ တစ်နေရာနှင့်တစ်နေရာ မတူညီဘဲ ကွာခြားလေ့ရှိသည်။ 

နှစ်မျိုးမုတ်သုံလေ

မြန်မာနိုင်ငံသည်  ဒီဇင်ဘာလမှ ဧပြီလအထိ အရှေ့မြောက်မုတ်သုံရာသီဥတုရရှိပြီး ထိုရာသီဥတုကြောင့် တိမ်ပါးကာ မိုးအနည်းငယ်ရွာ၍ အလယ်အလတ် အပူချိန်ရှိသည်။ စိုစွတ်မှုနည်းပါးသော အချိန်အခါဖြစ်သည်။ ဇွန်လမှ စက်တင်ဘာလအထိမှာ အနောက်တောင်မုတ်သုံ ရာသီကြောင့် တိမ်ထူမိုးရွာကာ ပူပြင်းစိုစွတ်သောရာသီမျိုး  ခံစားရသည်။ ကမ္ဘာပေါ်တွင် မုတ်သုံလေရရှိသော ဒေသများမှာ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ အင်ဒိုချိုင်းနားဒေသများ၊ သြစတြေးလျတိုက် အနောက်မြောက်ပိုင်း၊ အာဖရိကတိုက် အရှေ့ဘက်ကမ်းရိုးတန်းဒေသ အချို့နှင့်  တောင်အမေရိကတိုက် အနောက်မြောက်ပိုင်းဒေသတို့ ဖြစ်ကြသည်။ မတ်လမှ ဧပြီလအတွင်း မြန်မာ နိုင်ငံအလယ်ပိုင်းဒေသ၏ အပူချိန်မှာ ၁၁၀ ဒီဂရီဖာရင်ဟိုက် (၄၃.၃ ဒီဂရီစင်တီ ဂရိတ်)ရှိသော်လည်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် ၉၇ ဒီဂရီ ဖာရင်ဟိုက်  (၃၆.၁ ဒီဂရီစင်တီဂရိတ်)ရှိကာ ရှမ်းကုန်းမြင့်တွင် ၈၅ မှ ၉၅ ဒီဂရီ ဖာရင်ဟိုက် (၂၉.၄ မှ ၃၅ ဒီဂရီ စင်တီ ဂရိတ်) ရှိသည်။ 

အီကွေတာနှင့်အနီးအဝေး

အီကွေတာမျဉ်းသည် ကမ္ဘာ့ဝင်ရိုးနှင့် ဒေါင်လိုက်ကျပြီး တောင်ကမ္ဘာခြမ်းနှင့် မြောက်ကမ္ဘာခြမ်းကို ပိုင်းခြားထားသည်။ အီကွေတာနှင့် နီးကပ်သည့်ဒေသရှိ ရာသီဥတုမှာ ပူအိုက်သည်။ မြန်မာနိုင်ငံသည် အီကွေတာမျဉ်း၏ မြောက်ဘက်၊ ကမ္ဘာ့မြောက်ဘက်အခြမ်းတွင်တည်ရှိပြီး  အရှေ့တောင်အာရှ ကုန်းမြေမကြီး၏ အနောက်မြောက်ဘက် အကျဆုံးနိုင်ငံဖြစ်ကာ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယသမုဒ္ဒရာတို့နှင့် ထိစပ်နေသည်။ သမပိုင်းဇုန်ထက် အပူပိုင်းဇုန်တွင် ပါဝင်မှုရာခိုင်နှုန်းများကာ ရာသီဥတုပူပြင်းသည်။ သို့သော်လည်း ကုန်းမြေအနိမ့်အမြင့်နှင့် ပင်လယ် နှင့်အနီးအဝေးကလည်း ရာသီဥတုကို ပြုပြင်သည်။

အပူလွန်ကဲ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး)မှ ညွှန်ကြားရေးမှူးက ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှု ကြောင့် ကမ္ဘာ့အပူချိန်တိုးလာသည့်  အဓိကအချက်မှာ လူသားတို့ကြောင့် ကမ္ဘာ့လေထုထဲမှ ဖန်လုံအိမ်ဓာတ်ငွေ့များကို  တိုက်ရိုက် သို့မဟုတ် နောက်ဆက်တွဲ  သက်ရောက်စေသည့်  အကျိုးဆက်များ ကြောင့်ဖြစ်ကြောင်း၊  ဆက်လက်၍ လူတို့ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့များ နှစ်စဉ်တိုးနေသည်မှာ ၂၀၁၀-၂၀၁၉ ခုနှစ်ကာလများတွင် အများဆုံးဟု မကြာသေးမီက ထုတ်ပြန်ထားသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာ အစိုးရများအဖွဲ့ (Intergovernmental Panel On  Climate Change-IPCC) ၏ အစီရင်ခံစာတစ်ခုတွင်  ဖော်ပြထားကြောင်း၊ ၁၉၅၀ ပြည့်နှစ်များကတည်းက အပူလွန်ကဲမှုများ ပိုပြီးအဖြစ်များလာပြီး ပိုပြီးပြင်းထန်လာမှုက ဒေသအားလုံးကို သက်ရောက်နေပြီဖြစ်ကြောင်း  ပြောသည်။
 
အပူဆုံးနေ့များတိုးလာ

၎င်းအပြင် နေ့အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်မှ ၅၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိသည့်အခြေအနေများ ကမ္ဘာ့ဒေသများတွင် ပိုပြီးအဖြစ်များလာသည်ဟု  ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံအနေ ဖြင့် ၁၉၈၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မြို့ပေါင်း ၃၇ မြို့၏ နှစ်အလိုက် အပူဆုံးနေ့များ၏ ပြောင်းလဲမှုအလားအလာကို လေ့လာတွက်ချက်မှုများအရ ၃၂ မြို့သည် ဆယ်စုနှစ်အလိုက် အပူဆုံးနေ့များ ပိုတိုးလာသည်ကိုတွေ့ရသည်။  အညာ ဒေသများဆိုလျှင် ဆယ်စုနှစ်အလိုက် နေ့အပူချိန်မြင့်တက်လာသည်ကို  ပိုပြီး သိသာထင်ရှားစွာတွေ့ရပြီး  မြန်မာ့ ရာသီဥတု၏ပြောင်းလဲမှုညွှန်းကိန်းများ လေ့လာလျှင် ပို၍ပူလာခြင်းနှင့် မိုးရွာသွန်းမှု မူမမှန်သည်ကို အဓိကတွေ့ရသည်။ ဥပမာအနေဖြင့် ပြီးခဲ့သည့် ၃၅ နှစ်လောက်အတွင်း မန္တလေးမြို့၏ နှစ်အလိုက် ပူပြင်းသောနေ့ပမာဏများ သည် ၁၉၈၇ ခုနှစ်လောက်က တစ်နှစ် တာ၏ ၅ ဒသမ ၈ ရာခိုင်နှုန်းခန့်ရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင်မူ ၂၂ ရာခိုင်နှုန်းအထိ ပိုများလာသည်ကိုတွေ့ရပြီး သိသိသာသာ ပိုပူသည့်ရက်များ များလာသည်ကိုတွေ့ရသည်။

၂၀၂၃ ခုနှစ်သည် သာမန်နှစ်   နွေရာသီအပူဆုံးအချိန်ကာလဖြစ်သည့် ဧပြီလပြီးလျှင် မေလနှင့် ဇွန်လများသည်လည်း မိုးရွာသွန်းမှုနောက်ကျလျှင် အပူချိန် ဆက်လက်မြင့်တက်နိုင်သည်ဟု သိရသည်။ ချောက်မြို့သည် ၂၀၂၀ ပြည့် နှစ် မေလတွင် နေ့အပူချိန်မှာ ၄၈ ဒီဂရီ စင်တီဂရိတ်ကို နှစ်ပေါင်း ၇၀ အတွင်း အမြင့်ဆုံးအပူချိန်ရှိခဲ့သည့် မြို့အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထိုအချိန်တွင် မကွေးတိုင်းဒေသကြီး  အပါအဝင် အလယ်ပိုင်းဒေသ၏ အခြားမြို့အချို့၌ အပူချိန်များသည် အနည်းဆုံး ၄၄ ဒီဂရီစင်တီဂရိတ်အထိဖြစ်ခဲ့သည်။ ယခု နှစ်သည် အပူချိန်မြင့်နိုင်သည့် အယ်နီညို မဟုတ်သကဲ့သို့ အပူချိန်အနည်းငယ် လျော့နိုင်သည့်  လာနီညာမျိုးလည်း မဟုတ်သည့် သာမန်နှစ်ဟု သတ်မှတ်ထားကြသည်။ သာမန်အခြေအနေ မျိုးရှိမည့် ရာသီဥတုဟု သတ်မှတ်ထား သော်လည်း အပူချိန်မှာမူ  ပြီးခဲ့သည့် နှစ်များထက် လျော့နည်းခြင်းမျိုး မရှိနိုင်ကြောင်း  မိုးလေဝသနှင့်  ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး က ဆိုသည်။

ကမ္ဘာကြီးပူနွေးလာမှု 

ကမ္ဘာကြီးပူနွေးလာမှုဆိုသည်မှာ ကမ္ဘာ့မြေမျက်နှာပြင်နှင့် လေထုအတွင်းတွင် အပူချိန် တဖြည်းဖြည်းမြင့်တက် လာခြင်းကြောင့် ကမ္ဘာကြီးတစ်ခုလုံး အပူချိန်မြင့်တက်လာခြင်းကို ဆိုလိုသည်။ နေမှဖြာထွက်သောရောင်ခြည် များ short wave radiation သည် ကမ္ဘာ့မြေမျက်နှာပြင်ပေါ်သို့ ကျရောက်ပြီးသည့်အခါ အချို့ကို ကမ္ဘာမြေပြင်က စုပ်ယူထားပြီး အချို့သည် အပူလှိုင်း longwave radiation သို့မဟုတ် အနီ အောက်ရောင်ခြည်အဖြစ် ပြောင်းလဲသွားသည်။ ယင်းအပူလှိုင်းများကို လေထု အတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုက် (CO2)၊ မီသိန်း (CH4)၊ နိုက်ထရပ် အောက်ဆိုက် (N2O) စသည့် ဓာတ်ငွေ့များက စုပ်ယူထားခြင်းဖြင့် လူ၊ တိရစ္ဆာန်နှင့် သစ်ပင်တို့ ရှင်သန်နေထိုင်နိုင်ရန် သင့်တင့်မျှတသော အပူဓာတ်ကို ရရှိစေသည်။  အဆိုပါဓာတ်ငွေ့များသည် ကမ္ဘာကြီးကိုပူနွေးစေပြီး မှန်လုံအိမ်ကဲ့သို့ စွမ်းဆောင်ပေးနိုင်သဖြင့် မှန်လုံအိမ်ဓာတ်ငွေ့များ (Green House Gases -GHGs) ဟု တင်စားထားသည်။

စက်မှုခေတ်

သို့ရာတွင် စက်မှုခေတ်ထွန်းကား လာသည့်အချိန်တွင် ကျောက်မီးသွေး၊ ဓာတ်ဆီ၊ ဒီဇယ်၊ သဘာဝဓာတ်ငွေ့  စသည့် ရုပ်ကြွင်းလောင်စာများသုံးစွဲမှု တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာခဲ့ရာမှ လေထုအတွင်း CO2 အပါအဝင် မှန်လုံအိမ်ဓာတ်ငွေ့များ အဆမတန် များပြားလာခဲ့သည်။ လေထု၏ အပူရှိန်ကို စုပ်ယူ၍  မြေပြင်သို့ ပြန်လည် ထုတ်လွှတ်နိုင်မှု ကြီးမားလာပြီး ကမ္ဘာ ကြီး၏ အပူချိန်ကို မြင့်တက်လာစေရာ ယခုအခါ ကမ္ဘာကြီး၏အပူချိန်သည် လွန်ခဲ့သော နှစ်ပေါင်း ၁၄၀ ကထက် ၁ ဒီဂရီဖာရင်ဟိုက် (ဝ.၅ ဒီဂရီစင်တီ ဂရိတ်) ပိုမိုပူနွေးလာသည်ဟုဆိုသည်။အပူချိန်မြင့်တက်ရခြင်း  အခြား အကြောင်းရင်းများမှာ သစ်တောများ ပြုန်းတီးလာမှု၊ မြို့ကြီးများတွင် လူဦးရေ ထူထပ်သိပ်သည်းလာမှုနှင့်  စက်မှုနည်းပညာများ အသုံးများလာမှုတို့ ကြောင့်ဟု အကြမ်းဖျင်းပြောကြသည်။

ပူအိုက်သည်ဆိုပြီး

မည်သို့ပင်ဆိုစေ အပူချိန်ပြင်းထန် လာပြီဆိုလျှင် လူသားများအနေဖြင့် အပူအေးရာအေးကြောင်းများ ရှာကြံနေထိုင်စားသောက်ရပေမည်။ ယခုလို အချိန်အခါမျိုးတွင် ပူအိုက်သည်ဆိုပြီး ပုဆိုးကို ရေနှစ်ပတ်ထားခြင်း၊ ပန်ကာ လေတစ်ညလုံးခံခြင်း၊ အဝတ်ချွတ်၍ သမံတလင်းတွင် အိပ်နေခြင်းများ အထူး ရှောင်ကြဉ်သင့်သည်။ လေဝင်လေထွက် ကောင်းသည့် နေရာမျိုးတွင်နေခြင်း၊ ချည်သား၊ လီနင်သားအင်္ကျီပါးများ ဝတ်ဆင်ခြင်း၊ သင့်တင့်လျောက်ပတ် သော အပူငြိမ်းစာများ ချက်ပြုတ် စားသောက်ခြင်း၊ နေပူပြင်းချိန်တွင် အရိပ်အာဝါသအောက်၌နေခြင်း၊ လူ၏ သာမန်အပူချိန်ဖြစ်သော ၉၈.၆ ဒီဂရီ ဖာရင်ဟိုက်ထက် ကျော်လွန်လာပါက ရေပတ်ဝတ်တိုက်ခြင်း၊ ရေအေးအေး သောက်ခြင်း ပြုလုပ်ပေးရပြီး နေပူချိန်တွင် ပြင်းထန်သည့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့ ရှောင်ကြဉ်ရပါမည်။

ကျန်းမာရေးသတိ

အပူချိန်မြင့်နေသည့် ယခုကာလအတွင်း အပူထဲမှ ပြန်လာပြီး ရုတ်တရက် ရေချိုးခြင်း၊ အအေးခန်းထဲ ရုတ်တရက်ဝင်ခြင်းက သွေးကြောများကိုကျုံ့ပြီး ၎င်းမှတစ်ဆင့် သွေးဖိအား ရုတ်တရက် တက်သွားစေရာ သွေးတိုးအခံရှိသူ ဖြစ်စေ၊ မရှိသူဖြစ်‌စေ သွေး ရုတ်တရက် တိုးပြီး ဦးနှောက်သွေးကြောပေါက်ခြင်း အပြင်  လေဖြတ်ခြင်းလည်း ဖြစ်နိုင် ကြောင်း အထွေထွေရောဂါကုသမားတော်အချို့က ဆိုသည်။ ထို့အပြင် ပတ်ဝန်းကျင်အပူချိန် မြင့်တက်လာခြင်းနှင့်အတူ အထူးဂရုပြုရမည့် ကျန်းမာရေး အန္တရာယ်တစ်ရပ်မှာ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heatstroke) ဖြစ်သည်။ လူတစ်ဦး၏ ကိုယ်ခန္ဓာအပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် (၄၀ ဒီဂရီစင်တီဂရိတ်) နှင့်အထက်တွင် ဖြစ်ပွားတတ်သည်။ Heatstroke ဖြစ်ပွားရသည့် အကြောင်းရင်းများမှာ အပူလွန်ကဲသော ပတ်ဝန်းကျင်နှင့် ထိတွေ့ခြင်း၊ ပြင်းထန်စွာ အလုပ်လုပ်ခြင်း၊ အဝတ်အစားများ ထူထဲစွာဝတ်ဆင်ခြင်း၊ အရက်သောက်ခြင်း၊ ဆုံးရှုံးသွားသောရေဓာတ်များကို ပြန်လည်မဖြည့်ခြင်းတို့ဖြစ်သည်။

ဆင်ခြင်လိုက်နာ

အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ် ခြင်းသာမက သတိလစ်ခြင်းတို့ ဖြစ်ပွား မည့်လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း ပို့ဆောင်ရမည်ဟု နိုင်ငံပိုင်သတင်းစာ များတွင်လည်း ယခုရက်ပိုင်းတွင်း ကြေညာချက်များ ထုတ်ပြန်၍ ပြည်သူ ကိုသတိပေးလျက်ရှိကြောင်း တွေ့ရှိရ သည်။ အပူဒဏ်ကြောင့် ဖြစ်ပွားတတ်သည့်  ရောဂါလက္ခဏာများအပြင် အရေးပေါ်  ရှေးဦးပြုစုခြင်းများကိုပါ ထည့်သွင်း၍ ဖော်ပြထားသည်။

ထို့ပြင် ဧပြီလ ၂ ရက်နေ့တွင် မိုးလေဝသနှင့်  ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၂၃ ခုနှစ် ဧပြီလတွင် အပူချိန်အနေဖြင့် ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်၊  မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဧပြီလ ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်အထက်ပူနိုင်ပြီး ကျန်တိုင်း ဒေသကြီးများနှင့် ပြည်နယ်များတွင်မူ ပျမ်းမျှအပူချိန်သာရှိမည်ဟု ခန့်မှန်း ထားကြသည်။ မည်သို့ပင်ဆိုစေကာမူ ယခုလို အပူချိန်မြင့်တက်လာနေသည့် ကာလများတွင် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် စားသောက်နေထိုင်ရင်း အပူကာလကို ရင်ဆိုင်ဖြတ်သန်းကြပါစို့ဟု အသိပေးရေးသား လိုက်ရပါသည်။     ။

ကိုးကား

၁။ ဦးအေးမောင် - ပထဝီစုံ

၂။ရာသီဥတုပြောင်းလဲမှု ဝီကီးပီး ဒီးယား

၃။၂-၄-၂၀၂၃ရက်နေ့ မိုးလေဝသ သတင်း

၄။ ဇော်မင်းနိုင် - သတိ နေ့အပူချိန်များ မြင့်တက်နေသည်(ဆောင်းပါး)