သံတောင်ကြီး ၁ ဇန်နဝါရီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၏ အထင်ကရ နေရာတစ်ခုဖြစ်သော နော်ဘူဘော ဆုတောင်းတောင်သည် အစိုးရရုံးပိတ်ရက်များအတွင်း လာရောက်လည်ပတ် ဘုရားဖူးသူများနှင့် စည်ကားလျှက်ရှိသည်။ လာရောက် လည်ပတ်သူများသည် မိမိကိုယ်ပိုင် ယာဉ်ငယ်များဖြင့်လည်းကောင်း မှန်လုံကားကြီးများဖြင့်လည်းကောင်း လာရောက်ခဲ့ကြသည်။ မှန်လုံကားကြီးဖြင့် လာရောက်သူများသည် သံတောင်မြို့မှတစ်ဆင့် ယာဉ်ငယ်များဖြင့် နေ့စဉ်နံနက် ၅ နာရီမှစ၍ သံတောင်ကြီးမြို့သို့ ရောက်ရှိလာခဲ့ကြသည်။
"ကျွန်တော်တို့က တစ်ခေါက်ကို တစ်သောင်းခွဲယူပါတယ်။ တစ်ရက်ကို လူများရင် များသလို အသွားအပြန် သုံးခေါက်လောက် ပို့ဆောင်ပေးပါတယ်" ဟု သံတောင်မှ သံတောင်ကြီးသို့ ခရီးသည်ပို့ဆောင်ပေးသော Light truck ကားသမားတစ်ဦးက ပြောသည်။
နော်ဘူဘော ဆုတောင်းတောင် ကော်မတီအတွင်းရေးမှူး ဆရာတော် ဦးစောစံလှက ပွင့်လင်းရာသီ ရောက်သည်နှင့် ဧည့်သည်များ အဆက်မပြတ် ရောက်လာခဲ့ကြောင်း၊ အထူးသဖြင့် စနေ၊ တနင်္ဂနွေရက်များ အစိုးရ ရုံးပိတ်ရက်များ၊ နေ့ထူးနေ့မြတ်ရက်များမှာ လူပိုများပြီး တောင်ခြေ၌ ညအိပ်တည်းခိုသည့် ဧည့်သည်လည်း များကြောင်း၊ အခုရက်ပိုင်းတွင် တောင်ခြေ၌ ယာဉ်ပိတ်ဆို့မှု မရှိစေရန် ယာဉ်များကို အလှည့်ကျစနစ်ဖြင့် ဝင်ထွက်သွားလာမှုများ ပြုလုပ်ပေးခဲ့ကြောင်း ပြောကြားသွားသည်။
ထို့ပြင် လာရောက် လည်ပတ်သူများသည် အမှတ်တရ လက်ဆောင်အဖြစ် ဒေသထွက် ပစ္စည်းများဖြစ်သော ကော်ဖီ၊ လက်ဖက်ခြောက်၊ မြစ်ခြောက်၊ ပျားရည်များ ဝယ်ယူကြကြောင်း မြို့နယ်(ပြန်/ဆက်) မှ သိရသည်။
MDN