၁၉၊ ဒီဇင်ဘာ

ကွင်းလယ်ပိုင်းအားဖြည့်ဖို့ အာတီတာ ဆောင်ရွက်

အာဆင်နယ်နည်းပြ အာတီတာက ရီးယဲလ်ကွင်းလယ်လူ အစ္စကို၊ (သို့မဟုတ်) လိုင်ယွန်ကွင်းလယ်လူ ဟူစိန်အော်ရာတို့ နှစ်ဦးထဲက တစ်ဦးကို  ခေါ်ယူပေးဖို့ အသင်းဘုတ်အဖွဲ့ကို တောင်းဆိုထားကြောင်း သိရပါတယ်။ ၁၂ ပွဲ ကစားပြီးချိန် သွင်းဂိုး ၁၀ ဂိုးသာ သွင်းယူထားနိုင်တဲ့ အာဆင်နယ်တိုက်စစ်ပိုင်းအတွက် ဖန်တီးမှု အားကောင်းတဲ့ ကွင်းလယ်ကစားသမားတွေကို  ခေါ်ယူဖို့ လိုအပ်နေတယ်လို့ အာတီတာ ယူဆနေတာပါ။ အာဆင်နယ်နည်းစနစ် ဒါရိုက်တာ အက်ဒူးက “ကျွန်တော်တို့အသင်းမမှာ ဖန်တီးမှုကောင်းပြီး အတွေ့အကြုံလည်း ရင့်ပြီးသား အသင့်သုံးနိုင်မယ့်  ကွင်းလယ်တိုက်စစ် ကစားသမားတစ်ဦး တကယ်ကို လိုအပ်နေပါတယ်” လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ဦးထဲက တစ်ဦးကို ဇန်နဝါရီဈေးကွက်အတွင်း ရရှိဖို့ မဖြစ်နိုင်ဘဲ အသက် (၂၁)နှစ်အရွယ် ပေါ်တိုကွင်းလယ်လူ ဖေဘီယိုဗီအဲရာကိုသာ ပေါင် ၂၇သန်းနဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။

 

ပေါ့ဘာကို ရရှိဖို့ ဂျူဗင်တပ် ခြေလှမ်းပြင်

ဂျူဗင်တပ်အသင်းက ကွင်းလယ်လူ ပေါ့ဘာကို ပြန်လည်ခေါ်ယူနိုင်ဖို့  ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာနဲ့ ဆွေးနွေးမှုတွေ  လုပ်ဆောင်နေပြီး  ဖြစ်နိုင်မယ်ဆို ဇန်နဝါရီဈေးကွက်အတွင်းမှာပဲ  ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။ ဂျူဗီအနေနဲ့ ပေါ့ဘာကို  မန်ယူအသင်းထံ ရောင်းချစဉ်က ပေါင်သန်း ၁၀၀နီးပါး ရခဲ့ပေမယ့် ပြန်လည်ခေါ်ယူမယ်ဆို ပေါင်သန်း ၆၀ ဝန်းကျင်လောက်သာ ကုန်ကျဖွယ်ရှိနေပါတယ်။ ပေါ့ဘာကို ရီးယဲလ်နည်းပြ ဇီဒန်းကလည်း အလိုရှိနေပြီး ရီးယဲလ်ဘုတ်အဖွဲ့ကို  ပေါ့ဘာခေါ်ယူပေးရေး တောင်းဆိုထားပေမယ့်  ခွင့်မပြုခဲ့လို့ ဒီအပေါ် ဇီဒန်း ဒေါသထွက်ခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ဖော်ပြပါတယ်။ ပေါ့ဘာကို ခေါ်ယူဖို့ ကြိုးစားနေတဲ့အသင်းတွေထဲမှာ ဂျူဗင်တပ်၊  ရီးယဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့လို အသင်းတွေ ပါဝင်ပြီး ရွိုင်အိုလာကလည်း  ပေါ့ဘာရဲ့ အနာဂတ် မန်ယူမှာ မရှိတော့ဘူးလို့ ဆိုခဲ့တာကြောင့် အသင်းပြောင်းမှာသေချာနေတဲ့ ပေါ့ဘာ  ဘယ်အသင်းကို ရွေးမလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

ဆော်နီဂွက်ဇ်နဲ့ ခံစစ်ကစားသမားအများအပြားကို ခေါ်ယူဖို့ မန်ယူ ဆောင်ရွက်လာ

မန်ယူအသင်းဟာ ဗဟိုခံစစ်၊ ညာတောင်ပံခံစစ်နဲ့ ကွင်းလယ်ခံစစ်ကစားသမားတွေကို  ဇန်နဝါရီဈေးကွက်အတွင်း ခေါ်ယူဖို့  ချိတ်ဆက်နေတယ်လို့ မန်ချက်စတာအီးဗနင်းနယူးစ်က ဖော်ပြပါတယ်။ ခံစစ်ပိုင်းအားဖြည့်ဖို့ နေရာအလိုက် ခံစစ်ကစားသမားတွေကို  ခေါ်ယူဖို့ ကြံရွယ်နေသလို  တစ်ဖက်မှာလည်း  အသင်းက ထွက်ခွာဖို့ သေချာသလောက် ရှိနေတဲ့ပေါ့ဘာနေရာ အစားထိုးဖို့ အက်သလ်က်တီကိုကွင်းလယ်လူ ဆော်နီဂွက်ဇ်ကိုလည်း ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ မန်ယူက ဆော်နီဂွက်ဇ်အတွက် ယူရိုသန်း ၇၀ နဲ့ ကမ်းလှမ်းထားပေမယ့် အက်သလက်နဲ့ ဆော်နီဂွက်ဇ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ ထွက်ခွာခွင့်အချက်အရ ယူရိုသန်း ၁၅၀ သတ်မှတ် ထားပါတယ်။

မေလဲ့သင်း