နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို ပေါင် ၅၇ သန်းဖြင့် မန်ယူအသင်း ခေါ်ယူ

မန်ယူအသင်းဟာ နယ်သာလန်ကလပ် အေဂျက်အသင်းမှ အာဂျင်တီးနား နောက်တန်းကစားသမား လီဆန်ဒရို မာတီနက်ဇ်ကို ပြောင်းရွှေ့ကြေးပေါင် ၅၇ သန်း(ယူရို ၆၇ သန်း)နဲ့ အပြီးသတ် စာချုပ်ချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

နည်းပြအဲရစ်တန်ဟက်ဟာ အသက် ၂၄ နှစ်အရွယ်ရှိ နောက်တန်းကစားသမား လီဆန်ဒရိုမာတီနက်ဇ်ကို ၂၀၁၉ ခုနှစ်အတွင်းက အေဂျက်အသင်းအတွက် ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိမန်ယူအသင်း နည်းပြ ဖြစ်လာချိန်မှာ လီဆန်ဒရိုမာတီနက်ဇ်ကို အိုးထရက်ဖို့ဒ်မှာ ပြန်လည်ပေါင်းစည်းဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

နောက်တန်းကစားသမား လီဆန်ဒရိုမာတီနက်ဇ်ဟာ နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်းတိုးခွင့် ရရှိနိုင်မယ့် အခွင့်အရေးနဲ့အတူ ၂၀၂၇ ခုနှစ်အထိ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေမယ့် ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။

လီဆန်ဒရိုမာတီနက်ဇ်ဟာ အေဂျက်အသင်းနဲ့အတူ ပွဲစဉ်စုစုပေါင်း ၁၂၀ အထိ ပါဝင်ကစားပေးခဲ့သူ ဖြစ်ပြီး အာဂျင်တီးနားနိုင်ငံ လက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၉ ခုနှစ် မတ်လမှာ စတင်ပွဲထွက် ကစားခွင့် ရရှိခဲ့ရာ လက်ရှိအချိန်မှာ နိုင်ငံအသင်းအတွက် ခုနစ်ပွဲ ပါဝင်ကစားပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။

ငွေကြယ်