နောင်ချို ၂၀ မေ
ကျောက်မဲခရိုင်၊ နောင်ချိုမြို့၊ ပြည်သူ့ကျန်းမာရေးဌာနတွင် ဆေးရုံအခြေပြုပုံမှန် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဖြစ်သော အသက် (၂)လမှ (၁၈)လထိ ကလေးများအား ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် အနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မေ ၁၉ ရက်နေ့မှစတင်ပြီး ဆေးရုံအခြေပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကင်းစွာ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ပေးနိုင်ရန်အတွက် မိဘများအနေဖြင့် ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာကြစေရန် အသိပေးထားကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို တစ်ရက်လျှင် ဦးရေ ၅၀ သာ ထိုးနှံပေးမည်ဖြစ်ပြီး အုပ်ထိန်း သူများသည် နေအိမ်မှထွက်လာသည့်အခါ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ခြင်း၊ ဆေးခန်းအတွင်းသို့ မဝင်ရောက်မီ လက်ကို စနစ်တကျဆေးကြောခြင်း၊ ကလေးနှင့်အတူ အုပ်ထိန်းသူတစ်ဦးသာ ဝင်ရောက် ရမည်ဖြစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်စေခြင်းဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်


