နေပြည်တော်   မတ်   ၁၀

နောင်ချိုမြို့တွင် ငွေကျပ် သိန်း ၁,၉၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်‌ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၉ ရက် နံနက် ၉ နာရီတွင် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ နယ်မြေ(၇)၊ သပြေရေကျေးရွာ ကျောင်းလမ်းမှ နောင်ချို မြို့တွင်းဘက်သို့ ကျော်ကျော်နိုင် (၄၅)နှစ်နှင့် ထိန်လင်းစိုး(ခ)ဗေဒါး (၃၀) တို့ ဆိုင်ကယ် နှစ်စီးဖြင့် သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၁,၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူပါဆပ်ပြာခွက် ၁,၃၁၆ ခွက်၊ အလေးချိန် ၁၃ ဒသမ ၁၆ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၉ နာရီခွဲတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ မောင်ဌေး (၅၀) ကို သပြေရေကျေးရွာတွင် ဆိုင်ကယ်ဖြင့် လည်းကောင်း၊ နံနက် ၁၀ နာရီတွင် နောင်ချိုမြို့အထွက်၊ မန္တလေး-လားရှိုးသွားကားလမ်း၊ ကျောက်ကြမ်း ကျေးရွာအနီးတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် အောင်ကိုကိုပိုင်(ခ) အောင်ကို (၃၂)နှစ်၊ ရန်နိုင်ဦး (၃၄)နှစ်နှင့် သက်နိုင်ဦး (၃၃)နှစ်တို့ သုံးဦးကို AD Van ယာဉ်နှင့်လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့ ခြောက်ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်