နောင်ချို စက်တင်ဘာ  ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာ၌ တည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များကို စက်တင်ဘာလအတွင်း စတင်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ဘန့်ဘွေးကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံကို ဘန့်ဘွေးဘုန်းတော်ကြီးကျောင်းပိုင် မြေနေရာ၌ ဘန့်ဘွေးကျောင်း ဦးစီးပဓာန နယက ဆရာတော် ဘန္ဒန္တက္ကုဿရိယ (ဓမ္မာစရိယ)၊ ဘန့်ဘွေးကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ဂရုဏာအခမဲ့ လူမှုကူညီရေးအသင်းနှင့် အာယုဒါနဆေးခန်းတို့၏ ဦးဆောင်လှူဒါန်းမှု၊ အလှူရှင်အသီးသီးတို့၏ လှူဒါန်းမှုများဖြင့် ဩဂုတ် ၃ ရက်မှ စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

စက်ရုံတည်ဆောက်မှုတန်ဖိုးမှ ကျပ်သိန်း (၂၅၀)ကျော် ကုန်ကျကြောင်း၊ စက်ရုံလည်ပတ်နိုင်ရေးအတွက် ထရန်စဖော်မာကိုလည်း တည်ဆောက်ခဲ့ရာ ကျပ်သိန်း (၂၅၀) ကုန်ကျခဲ့ကြောင်း၊ စက်တန်ဖိုး ကျပ်သိန်း (၉၈၀) ကုန်ကျပြီး စက်တင်ဘာလအတွင်း ရောက်ရှိလာမည်ဖြစ်ကာ အောက်ဆီဂျင်များ စတင်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်ရရှိသော အောက်ဆီဂျင်များဖြင့် မြို့နယ်အတွင်း အောက်ဆီဂျင် လိုအပ်သည့်နေရာများတွင် လုံလောက်စွာသုံးစွဲသွားနိုင်မည်ဖြစ်ကြောင်း ဘန့်ဘွေးအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)