နောင်ချို စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်း ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာအတွက် လိုအပ်လျက်ရှိသော မီးစက်ကို မန္တလေးမြို့နေ ဦးအုန်းကျော်+ဒေါ်ခင်စန်းဝင်း ဗမာပြည်သား ဂျုံစက်မိသားစုမှ မောင်ဒီမိုကျော်၏ မွေးနေ့အလှူအဖြစ် ယမန်နေ့က လာရောက်လှူဒါန်းပေးခဲ့ကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ မီးစက်၏ တန်ဖိုးမှာ တန်ဖိုးကျပ် (၃၅ )သိန်းဖြစ်ပြီး သဖန်းကိုင်းပရဟိတ ကုသရေးစင်တာ အတွက် အရေးတကြီးလိုအပ်မှုအပေါ် အလှူရှင်မှ ဖြည့်ဆည်းလှူဒါန်းခြင်းဖြစ်ကြောင်း၊ သဖန်းကိုင်းပရဟိတ အသင်း ကုသရေးစင်တာတွင် စက်တင်ဘာလ ၂၂ ရက်ထိ ကုသမှုခံယူနေဆဲ လူနာ (၅၅)ဦး ရှိပြီး အဆိုပါလူ နာ များ၏ ကျန်းမာရေးကိစ္စများကို အတိုင်ပင်ခံသမားတော်(၁)ဦး၊ ဆရာဝန် (၁)ဦး၊ သူနာပြု (၄) ဦး တို့ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိပါသည်။
သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်း ကုသရေးစင်တာတွင် အောက်ဆီဂျင် လိုအပ်သော လူနာ များအတွက် အောက်ဆီဂျင်ကို Concentrator ဖြင့် ပေးထားခြင်းကြောင့် လျှပ်စစ်မီးပြတ်တောက်သွားပါက အရေးပေါ် အသုံးပြုနိုင်ရန် မီးစက်လိုအပ်လျက်ရှိခြင်းကြောင့် သဖန်းကိုင်းပရဟိတအသင်း ကုသရေးစင်တာအတွက် လိုအပ်ချက်များအပေါ် ကူညီဖြည့်ဆည်းပေးကြသော အနယ်နယ်အရပ်ရပ်မှ အလှူရှင်များအား သဖန်းကိုင်း ပရဟိတလူမှုကူညီရေး အသင်းမှ အထူးကျေးဇူးတင်ရှိကြောင်း အဆိုပါ အသင်းထံမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)