နောင်ချို ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ် တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆက်လက်ဆောင်ရွက်လျက်ရှိရာ ရောဂါပိုးတွေ့ရှိမှု ၂.၀၆ ရာခိုင်နှုန်းထိ ကျဆင်းလာကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာ ရေးဌာန၊ ဌာနဆိုင်များ၊ ပရဟိအဖွဲ့များ ပါဝင်သောအဖွဲ့များက နောင်ချိုမြို့နယ် မဲပုတ်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိရသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများ စုစုပေါင်း လူဦးရေ(၃၄၀) ဦးကိုRDT Test kit ဖြင့်စစ်ဆေးခဲ့ရာလူပုဂ္ဂိုလ်(၇) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိခဲ့ရာ ပိုးတွေ့ရှိမှု ရာခိုင်နှုန်း (၂.၀၆) ရာခိုင်နှုန်းသာရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါရောဂါပိုးတွေ့ရှိသူ (၇)ဦးအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံနှင့် သဖန်းကိုင်း စင်တာတွင်ထားရှိ၍ ကြပ်မတ်ကုသ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ အမြန်ဆုံးကွင်း ဆက်ပြတ်တောက်နိုင် ရန်ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)