နောင်ချို    ၃၀  ဒီဇင်ဘာ

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ သည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာ တစ်နိုင်ငံလုံးမှာရှိသော ကလေးသူငယ်များအားလုံး အဓိကအခွင့်အရေး(၄)ရပ်ကို လူ့အဖွဲ့အစည်းအတွင်း ရယူနိုင်ရန် အတွက် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် မူဝါဒနှင့် လုပ်ငန်းစဉ်များကို ချမှတ် ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် မိဘမဲ့ကလေးများ၊ ဥပဒေနှင့်ရင်ဆိုင်နေရသော ကလေးများအား သင်တန်းကျောင်းများတွင် ပညာသင်ကြားပေးခြင်း၊ လူမှုအဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ပြုစုပျိုးထောင်ပေးခြင်း စသည်ဖြင့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ပြောကြားသည်။

ဆက်လက်၍ နောင်ချိုမြို့နယ် လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးလွင်က ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ လုပ်ငန်းများဆွေးနွေးခြင်း၊ World Visionမှ နောင်ချိုမြို့နယ်အတွင်း ဆောင်ရွက်ရသော လုပ်ငန်း ဆောင်ရွက်ချက်များ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသော (TCRC) အဖွဲ့ဝင်များမှ ရှေးလုပ်ငန်းစဉ်များ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာ၊ ရပ်ကွက်အုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ (TCRC)အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို)