နောင်ချို ဩဂုတ် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ Pilot Project အစီအစဉ်အရ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test ဖြင့် ပိုက်စိတ်တိုက်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန် နေ့က အဖွဲ့ (၈)ဖွဲ့ခွဲ၍ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအ ဖွဲ့ထံမှ သိရသည်။
နောင်ချိုမြို့နယ်သည် ကိုဗစ်-၁၉ရောဂါအဖြစ်များသည့် Stay at Home မြို့နယ်ဖြစ်ပြီး၊ နေ့စဉ်ပိုး တွေ့နှုန်းမှာ မြင့်မားလျက်ရှိရာ ကျေးရွာ ၊ ရပ်ကွက်များအတွင်း Pilot Project အစီအစဉ်ဖြင့် ပိုက်စိတ် တိုက်ရှာဖွေဖော်ထုတ်ရန် လိုအပ်ချက်အရာ ဩဂုတ် (၂၇) ရက်နေ့တွင် အဖွဲ့ (၅)ဖွဲ့ခွဲ၍ လည်းကောင်း၊ ဩဂုတ်(၂၈) ရက်တွင် အဖွဲ့(၆)ဖွဲ့ခွဲ၍ လည်းကောင်း၊ ဩဂုတ် (၂၉) ရက်တွင် အဖွဲ့(၈)ဖွဲ့ခွဲ၍ လည်း ကောင်း ကိုဗစ်-၁၉ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်သူများ၊ ဖျားနာသူ များကို Rapid Test ဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဩဂုတ်လ(၂၉) ရက် နံနက်(၉)နာရီမှစတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများ ၊ ပရဟိတအဖွဲ့များဖြင့် ဖွဲ့စည်းထားသော အဖွဲ့(၈)ဖွဲ့မှ စုရပ်များဖြစ်သည့် နောင်ချိုပြည်သူဆေးရုံ၊ မျက်ချီးနုအုပ်စု ရွှေပြည်ညွှန့် ရွာ၊ လုံဝယ်အုပ်စု၊ ဟိုခိုကျေးရွာ အုပ်စု၊ ဘန့်ဘွေးအုပ်စု၊ သရက်ကုန်းအုပ်စု၊ တောင်ရှည်အုပ်စု၊ ရွှေမုဌော အုပ်စု တို့တွင် လူဦးရေ (၄၄၈)ဦး ကို Rapid Test ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ ၆၈ဦး စိစစ်တွေ့ရှိခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများအား နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံ၊ သဖန်းကိုင်းစင်တာ၊ တောင်ရှည်တိုက်နယ်ဆေးရုံ၊ သုံးဆယ်တိုက်နယ်ဆေးရုံ ၊ ဘန့်ဘွေးကျန်းမာရေးဆေးခန်း၊ နမ့်ဆောင်ဟူး ၊ ကသဲမြှောင်ဂေါ်ရခါးဓမ္မာရုံ၊ ကုန်စံဓမ္မရုံ၊ နောင်ရဲဓမ္မရုံ၊ ရွှေမုဌောဓမ္မာရုံ၊ အင်းဖိုစာကြည့်တိုက်တို့တွင် ကြပ်မတ်ကူသနိုင်ရေးဆောင်ရွက်ထားရှိကြောင်း၊နောင်ချိုမြို့နယ်အနေဖြင့် ဩဂုတ်လ(၂၉) ရက်နေ့ထိ အတည်ပြုလူနာ (၁၇၃၁)ဦး၊ သေဆုံးသူ (၂၉)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၁၁၃၅)ဦး ၊ ကုသမှုခံယူနေဆဲ (၅၆၇)ဦး ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)


