နောင်ချိုမြို့နယ်နှင့် ပေါက်မြို့နယ်တို့တွင် တရားမဝင်သစ်များဖမ်းဆီးရမိ

နေပြည်တော်  ၁၁   ဖေဖော်ဝါရီ 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည်  တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အရ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တို့၌ တရားမဝင်သစ်များ ဖမ်းဆီးရမိသည်။ 

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် သစ်တောဦးစီးဌာနမှ ပေါက်မြို့နယ် ဗာဂျီးနီးယားဆေး ပေါင်းရုံရှေ့၌  ဖေဖော်ဝါရီ ၈ ရက်က လူမပါဘဲ  ရပ်ထားသည့် ဆီဘောက်ဆာကားပေါ်အား ရှာဖွေရာ တရားမဝင်ကျွန်းသစ်ခွဲသားများ ဖမ်းဆီးရမိသည်။

 

အလားတူ ယနေ့နံနက် ၁ နာရီက ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တွင် မန္တလေးဘက်မှ ဦးဖြိုးသူရ မောင်းနှင်လာသော ဆီဘောက်ဆာယာဉ်အား ရပ်တန့်စစ်ဆေးရာ ဆီတိုင်ကီအတွင်းမှ တရားမဝင်သယ်ဆောင်လာသော ပိတောက်ခွဲသားများ ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

မွှေးကြူဇင်