ကျောက်မဲ၊ ၂၈ ဒီဇင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်နေသည့် အင်းမ-ဘန့်ဘွေးကျင်း ရေတံခွန်သွား မြေသားလမ်းဖောက်လုပ်နေမှုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ ကျောက်မဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထက်၊ နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အင်းမ-ဘန့်ဘွေးကျင်း မြေသားလမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ရှမ်းပြည်နယ်အစိုးရ) ရန်ပုံငွေကျပ် ၁၂၀ ဒသမ ၄၇၈ သန်းဖြင့် Golden Decates ကုမ္ပဏီမှ နိုဝင်ဘာ ၂၆ ရက်က စတင်ဖောက်လုပ်လျက်ရှိပြီး လမ်းအရှည် ၃ မိုင်၊ လမ်းအကျယ် ပေ ၃၀ ရှိကာ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်အတွင်း အပြီးဖောက်လုပ်ရန် လျာထားကြောင်း ကျောက်မဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
နောင်ချိုမြို့နယ်ရှိ ဘန့်ဘွေးကျင်းရေတံခွန်သည် နိုင်ငံခြားသား ခရီးသွားများနှင့် ပြည်တွင်း အပန်းဖြေခရီးထွက်သူများ နှစ်သက်သည့် နေရာတစ်ခုဖြစ်ရာ အဆိုပါမြေသားလမ်း ဖောက်လုပ်ပြီးစီးပါက ပြည်တွင်း/ပြည်ပ ခရီးသွားများ များပြားလာမည်ဖြစ်သည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်မှု၌ များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


