နောင်ချို   အောက်တိုဘာ   ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် အထူးဈေးနှုန်းဖြင့် ရောင်းချနေသည့် စက်သုံးဆီဆိုင်များနှင့် ပုံမှန်ဖွင့်လှစ်နေသည့် အခြားဆီဆိုင်များအား အောက်တိုဘာ ၅ ရက် နံနက်ပိုင်းမှစ၍ မြို့နယ် ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

မြို့နယ် ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ဖြစ်သည့် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစိးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ကျော်စံ စက်သုံးဆီအရောင်းဆိုင်အား သတ်မှတ်နှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိ၊ အချင်အတွယ် မှန်ကန်မှု ရှိ/မရှိ တို့ကိုလည်းကောင်း၊ အခြားဆီဆိုင်တို့အား စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိ နှင့် ရောင်းချနေသည့် ဈေးနှုန်းများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင် ကျော်စံဆီဆိုင် အနေဖြင့် ဓာတ်ဆီ (92-RON) တစ်လီတာလျှင် ၁၁၇၇ ကျပ်နှုန်း၊ ဒီဇယ်ဆီ တစ်လီတာလျှင် ၁၁၆၇ ကျပ်နှုန်း၊ ပရီမီယမ် ဒီဇယ်ဆီ  တစ်လီတာလျှင် ၁၁၇၄ ကျပ်နှုန်းတို့ဖြင့် ရောင်းချပေးလျက်ရှိပြီး အခြားစက်သုံးဆီ ဆိုင်များအနေဖြင့် ဓာတ်ဆီ(92-RON) တစ်လီတာလျှင် ၁၆၆၅ ကျပ်နှုန်း၊ ဒီဇယ်ဆီ တစ်လီတာလျှင် ၁၆၄၅ ကျပ်နှုန်း၊ ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာလျှင် ၁၆၆၅ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိသည်။

ထွေးငယ်(ပြန်/ဆက်)