နေပြည်တော် ၁၃ ဖေဖော်ဝါရီ 


နောင်ချိုမြို့နယ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၉ နာရီက သက်သေများနှင့်အတူ အိုရီယမ်တယ်တိုးဂိတ်၌ ပိတ်ဆို့ရှာဖွေ စစ်ဆေးနေစဉ် နောင်ချိုမြို့မှ သီပေါမြို့ဘက်သို့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ (၁)ရပ်ကွက်နေ ဇေယျာမင်း(ခ) သားကြီး မောင်းနှင်လာသော မတ်တူးယာဉ်ကိုရှာဖွေစစ်ဆေးရာ 9mm Thai Arms ကျည် အတောင့် ၅၀ဝ နှင့် စက္ကူဘူးဖြင့် ထည့်ထားသော ပွိုင့် ၂၂ ကျည် အတောင့် ၁၄၅၀ တို့ကို ရှာဖွေ သိမ်းဆည်းရမိသည်။ 


အမှုဖွင့်အရေးယူ


၎င်းအားစစ်မေးရာ အဆိုပါကျည်များနှင့် ယာဉ်ကို ယောက်ဖဖြစ်သူ တစ်ရပ်ကွက်တည်းနေ လှိုင်ဦးကရှမ်းပြည်နယ် မူဆယ်မြို့နယ် တုံခန်(အထက်) ကျေးရွာနေ လှမိုး(ခ)စိုင်းလှမိုးထံ ပို့ဆောင်ခ ငွေကျပ် ၂၂၀ဝ၀ဝ ဖြင့် သီပေါမြို့အထိ ပို့ဆောင်ခိုင်း၍ မောင်းနှင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် ဇေယျာမင်း(ခ)သားကြီးကို နောင်ချိုမြို့မရဲစခန်းက အမှုဖွင့်အရေးယူခဲ့သည်။


စစ်ဆေးလျက်ရှိ


အဆိုပါအမှုမှ ပြစ်မှုကျူးလွန်သူ လှမိုး(ခ)စိုင်းလှမိုးနှင့် ကောင်းမူလွယ်ရပ်ကွက်နေ စိုင်းဆိုင်ဖ တို့နှစ်ဦးကို သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူးဦးစီးသည့် တပ်ဖွဲ့ဝင်များက သီပေါမြို့ အုတ်ကျင်းရပ်ကွက် မဟာမြတ်မုနိဘုရားကြီးဝင်း အတွင်းရှိ ငါးကန်အနီး၌ ဖမ်းဆီးရမိသဖြင့် နောင်ချိုမြို့မ ရဲစခန်းသို့ လွှဲပြောင်းအပ်နှံပြီး ၎င်းတို့နှစ်ဦးကို အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း  ရဲပြန်ကြားမှ သိရသည်။ 


MDN