နောင်ချို နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၂၀ ရက်က အ.ထ.က (၁)၊ အ.ထက (၂)နှင့် အ.ထ.က (ခွဲ) နမ့်ဆောင်ဟူးကျောင်းတို့တွင် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြသော ကျောင်းသား၊ ကျောင်းသူများကို ကိုယ်အပူချိန် တိုင်းတားခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးပြီးမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား မိနစ် (၃၀) ခန့် အနားယူစေကာ ကျန်းမာရေး စောင့်ရှောက်မှုများကို လည်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ အခြေခံပညာကျောင်းများ အခြေပြု၍ အသက် (၁၂) အထက် ကျောင်းသား၊ ကျောင်းသူများကို ဆေးထိုးစုရပ်များ သတ်မှတ်ထားပြီး စုရပ် (၃) ခုဖြစ်သည့် အ.ထ.က(၁)၊ အ.ထက(၂)နှင့် အ.ထ.က(ခွဲ) နမ့်ဆောင်ဟူးကျောင်းတို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (ဒုတိယအကြိမ်) ကို ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကို နိုဝင်ဘာ ၂၄ ရက်တွင် စုရပ်အသီးသီး၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)