နောင်ချို ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့နိုင်စေရန် ရည်ရွယ်၍ မီးရထားခရီးစဉ်များ စီစဉ်ဖွင့်လှစ်ခဲ့ရာ ဒီဇင်ဘာ ၂၅ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ အထင်ကရဖြစ်သော ရှေးဟောင်းသမိုင်းဝင် ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီးသို့ မန္တလေး-လားရှိုး ရထားလမ်းပိုင်းမှ (၁၃၁)အဆန်မီးရထားဖြင့် စီးနင်းလိုက်ပါ၍ လာရောက်လည်ပတ်သော ပြည်တွင်းခရီးသွား ဧည့်သည်များအား ဒေသခံတိုင်းရင်းသားများမှ ရိုးရာယဉ်ကျေးမှု အတီး၊ အမှုတ်၊ အက အလှများဖြင့် ကြိုဆိုခဲ့ကြသည်။
ကြိုဆိုနှုတ်ဆက်ပွဲသို့ မြန်မာ့မီးရထားလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးစိုင်းသော်လင်း၊ အထက်မြန်မာပြည် အုပ်ချုပ်ရေးဌာန၊ မြန်မာ့မီးရထားနှင့် လက်ထောက်အထွေထွေမန်နေဂျာ ဦးစံသာအောင်၊ (သွား/လာ)တိုင်း အမှတ်(၃) မြန်မာ့မီးရထားနှင့် တာဝန်ရှိသူများ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒုတိယညွှန်ကြားရေးမှူး၊ လားရှိုးရုံးခွဲ(တာဝန်ခံ)နှင့် တာဝန်ရှိသူများ၊ နောင်ချိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ကြိုဆိုနှုတ်ဆက်အားပေးခဲ့ကြသည်။
အဆိုပါ မီးရထားခရီးစဉ်ဖြင့် ပြည်တွင်းခရီးသွား ဧည့်သည် (၁၄၀) လိုက်ပါစီးနင်းခဲ့ကြပြီး ရထားခရီးစဉ်အား အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပုံမှန်ပြေးဆွဲ၍ ပြင်ဦးလွင်မှ နံနက် ၈ နာရီခွဲ စတင်ထွက်ခွာလာပြီး ဂုတ်ထိပ်သို့ နံနက် ၁၁ နာရီခွဲ ရထားဆိုက်ရောက်ကာ ခရီးသည်များ လည်ပတ်သွားလာချိန် ၁ နာရီ လည်ပတ်ခွင့်ပေး၍ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း၊ မြန်မာခရီးသွားလုပ်ငန်းအား ပြန်လည်ဦးမော့လာနိုင်စေရန် သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ထွေးငယ်၊ (ပြန်/ဆက်)