နောင်ချို ၂၄ မတ်
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သံသယလူနာတွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းများ ကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် မြို့တွင်းလှည့်လည် ဆော်သြခြင်း၊ မြို့နယ်အတွင်း လူစည်ကားရာနေရာများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင် များ၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး ပညာပေးဗီနိုင်းများ ချိတ်ဆွဲထားရှိခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ သံသယ လူနာတွေ့ရှိပါက စောင့်ကြည့်လူနာအဖြစ် ထားရှိရန်နေရာများ ရွေးချယ်စီစဉ်ခြင်း၊ စေတနာမွန်နှင့် ဖြူစင်မေတ္တာ လူမှုရေးအသင်းတို့မှ PPE ဝတ်စုံများ ထားရှိခြင်း၊ ပိုးသတ်ဆေးလိုအပ်မှုများ စီစဉ်ထားရှိခြင်း၊ သီးခြားစီစဉ်ထားသော ကား၊ လူများဖြင့် စီစဉ်ဆောင်ရွက်ခြင်း စသည့်ဆောင်ရွက်ရမည့် နည်းလမ်းများကို ကြိုတင်စီစဉ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်း နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို)


