နေပြည်တော် ၁၈ နိုဝင်ဘာ
နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၂၀ဝ၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ အိုက်စ်များ နိုဝင်ဘာ ၁၆ ရက်က ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၆ ရက် နံနက် ၉ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နောင်ချို-မန္တလေးသွား ကားလမ်း၊ ရွှေညောင်ပင် ကျေးရွာအဝင်တွင် သတင်းရရှိထားသည့် သီပေါမြို့နယ်မှ မန္တလေး မြို့သို့ ချစ်မျိုးခိုင် မောင်းနှင်ပြီး စိုးခိုင် လိုက်ပါသော မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ကိုယ်ထည် ကြမ်းခင်း အောက်တွင် အံဝှက်ပြုလုပ်သယ်ဆောင်လာသည့် ဘိန်းဖြူ ၁၄ ဒသမ ၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၆,ဝ၀ဝ တို့ကို သိမ်းဆည်းရမိခဲ့ပြီး ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အလားတူ သတင်းအရ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ တာကော်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျော်ဆန်း မောင်းနှင် လာသည့် မော်တော်ယာဉ်ကို စိစစ်ရှာဖွေရာ အိုက်စ် ၈၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိသော အိုက်စ်များပိုင်ရှင်မှာ မိုင်းရှူးမြို့၊ အမှတ်(၄) ရပ်ကွက်နေ လောက်ဆိုင်ဖြစ်ကြောင်း သိရှိရသဖြင့် ညနေ ၅ နာရီခွဲ တွင် ပူးပေါင်းအဖွဲ့သည် လောက်ဆိုင်အား ၎င်းနေအိမ်မှ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)