နောင်ချို ၁၇ အောက်တိုဘာ
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းတန်ဖိုးထားသည့်အနေဖြင့် ဒေသ၏ အစဉ် အလာဖြစ်သည့် မီးလှည့်ပူဇော်ခြင်းကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ် လပြည့်ကျော် (၁) ရက်နေ့၊ (၂)ရက်နေ့၊ (၃) ရက်နေ့ညများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်လျက်ရှိပါသည်။
သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့တွင် နောင်ချိုမြို့ပေါ်ရှိ ရပ်ကွက်များမှ မိမိတို့ ရပ်ကွက်အလိုက် ဘုန်းတော်ကြီးကျောင်းများသို့ မိန်းမပျိုလေးများက မီးပုံးများ၊ မီးပန်းများ၊ မီးကြာများဖြင့် ကိုင်ဆောင်၍ လည်းကောင်း၊ ရပ်ရွာလူကြီးများက တံခွန်၊ကုက္ကား၊ မလေးပွားများ ကိုင်ဆောင်၍လည်းကောင်း၊ ကာလသား အဖွဲ့များက အိုးစည်ဗုံမောင်း၊ အကအခုန်များဖြင့် လည်းကောင်း၊ ဆင်အကများဖြင့်လည်းကောင်း မြို့တွင်း လှည့်လည်ကာ ဆရာတော်ဘုရားအား ဆီမီး၊ ပန်း၊ လှူဖွယ်ပစ္စည်းများဖြင့် သွားရောက်ကန်တော့ခဲ့ကြသည်။
သီတင်းကျွတ်လပြည့်ကျော်(၂)ရက်နေ့ညနှင့်(၃)ရက်နေ့ညများတွင်လည်း မိမိတို့ရပ်ကွက်မှ အခြား ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်ကာ ဆရာတော်ဘုရားအား ပူဇော် ကန်တော့ခဲ့ကြသည်။ နောင်ချိုမြို့၏မီးလှည့်ပူဇော်ပွဲသည် သီတင်းကျွတ်လ၏ ချစ်စရာဓလေ့များကို မြန်မာ့ရိုးရာအစဉ်အလာမပျက် ဆောင်ရွက်လျက်ရှိပ်ကြောင်း သတင်းရရှိသည်။
လင်းသန့် ပြန်/ဆက်


