မန္တလေး၊ ၁  ဇန်နဝါရီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့ တိမ်ပင်လယ်ရှုမျှော်ခင်းကြည့်လုပ်ငန်းများ ကိုဗစ်ကာလတွင် ပိတ်ထားရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ  သိရသည်။

 

mdn

 

တိမ်ပင်လယ်အပန်းဖြေရှုခင်းကို ဟိုတယ်နှင်ခရီးသွားလာရေးဝန်ကြီးဌာနက ဦးစီးပြီး ခရီးသွားဖော် ဆောင်ဖို့ လုပ်ဆောင်နေသလို လုပ်ငန်းရှင်တွေကလည်း ရှုခင်းအလှတွေဖော်ဆောင်နေကြသည်။

 

" မြို့နယ်က တရားဝင်စာထုတ်ပြီး ပိတ်ထားဖို့ ညွှန်ကြားလာပါတယ်။ ပြည်ထောင်စုအဆင့်က ဖြေလျှော့ မပေးမခြင်း ပိတ်ရမယ်တဲ့။ ကျွန်တော်တို့ လုပ်ငန်းဆိုတာကလည်း ရာသီချိန်နဲ့လုပ်ရတာဆိုတော့ ဘာပြောရမှန်းတောင်မသိတော့ပါဘူး ဟု တိမ်ပင်လယ်ရှုမျှော်ခင်းကြည့် လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။

 

တိမ်ပင်လယ်အပန်းဖြေရှုခင်း လုပ်ငန်းဆောင်ရွက်နေသည့်လုပ်ငန်းရှင်များအနေဖြင့် ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ကာလအတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်၍ တိမ်ပင်လယ် အပန်းဖြေရှုခင်း လုပ်ငန်းအား လုံးဝဆောင်ရွက်ခြင်း မပြုရန်နှင့် မည်သူမဆို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ရန်နှင့် ပျက်ကွက်ပါက တည်ဆဲစည်းမျဉ်းစည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ယင်းကော်မတီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ကိုဗစ်ရောဂါဖြစ်ပွားနေချိန်ကာလတွင် တိမ်ပင်လယ်ရှုမျှော်ခင်းကြည့် လုပ်ငန်းများပိတ်သိမ်းထားရန် နိုဝင်ဘာ ၁၀ ရက်နေ့က တစ်ကြိမ် ထုတ်ပြန်ထားကြောင်း နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

 

ဖြိုးအိ

(Photo:ministry of Hotel and Tourism)