ကျောက်ဆည် ဩဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေများပေးဝေရာတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ အကျိုးရှိစွာပေးဝေနိုင်ရေးအတွက် ရေပေးဝေမြောင်းများအား စနစ်တကျပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မိုးရေတိုက်စားခြင်းကြောင့် ပျက်စီးသွားသည့် စီမံကိန်းသီးနှံစိုက်ပျိုးဧက ၇၇၃၁ အား ရေပေးဝေနေသည့် နောင်ခမ်းမြောင်းပေါင် ကွန်ကရစ်စီခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် နောင်ခမ်းမြောင်းပေါင် ကွန်ကရစ်စီခြင်းလုပ်ငန်းကို နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၈၀ ဖြင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ယူကာ အရှည် ပေ ၈၀၊ အကျယ် ၁၄ ပေ၊ အမြင့် ရှစ်ပေ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
မိုးရွာသွန်းမှုများခြင်းကြောင့် မြောင်းအတွင်း မိုးရေဝင်ရောက်မှုများပြီး မြောင်းပေါင် ပျက်စီးမှု ဖြစ်ပွားရာ ကွန်ကရစ်ကျောက်စီခြင်းလုပ်ငန်းများ အခိုင်အခန့်ဆောင်ရွက်ပေးခြင်းကြောင့် နောင်ခမ်း ကျေးရွာ တောင်သူများအနေဖြင့် များစွာအကျိုးကျေးဇူးရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရှိရသည်။
တင်တင်ထွေး


