နောင်မွန်း ၅ သြဂုတ်
ပူတာအိုခရိုင် နောင်မွန်းမြို့နယ်အတွင်း ကဆန်ချောင်းနှင့် ရနမ်ချောင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူ (၁၂၉)ဦးတို့အတွက် ပူတာအိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သြဂုတ်(၄)ရက်က ဆန်ရိက္ခာများနှင့်အိမ်တွင်းသုံးပစ္စည်းများကို ၎င်းတို့အိမ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နောင်မွန်းမြို့နယ်အတွင်း ဇူလိုင်လက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကဆန်ချောင်းနှင့်ရနမ်ချောင်းရေကြီး ရေလျှံမှုဖြစ်ပွားခဲ့ကာ စပါးကျီအတွင်းရှိ စပါးများပျက်စီးဆုံးရှုံးခဲ့ရပြီး လတ်တလော စားဝတ်နေရေးခက်ခဲသော ရပ်ဘော့ကျေးရွာအုပ်စုအတွင်း အိမ်ထောင်စု(၂၃)စုမှလူဦးရေ(၁၂၉)ဦးတို့အား တစ်ဦးလျှင် တစ်ရက်နို့ဆီဘူး(၂)ဘူးနှုန်းဖြင့် ဆန်ရိက္ခာ(၁)လစာ၊ဆန်အိတ်ပေါင်း အိတ် ၄၀၊၇ ပြည်(၅)ဘူးနှင့်အိမ်တွင်းသုံးပစ္စည်းများကို ခရိုင်တာဝန်ခံ ဦးနေအောင်နှင့် မြို့နယ်အဆင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုကော်မတီ တာဝန်ရှိသူများက အိမ်တိုင်ရာရောက်သွား၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစီးဌာနအနေဖြင့် နောက်နောင်တွင် အခြားပစ္စည်းများလည်း ထောက်ပံ့ရန်ရှိကြာင်း၊NGO အဖွဲ့အစည်းများ အခြားသော အဖွဲ့များ ထောက်ပံ့လိုသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးလျက်ရှိကြာင်း၊ ယခင်ကလည်း ပစ္စည်းထောက်ပံ့ပေးခဲ့ပြီး လတ်တလော စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဆန်ရိက္ခာနှင့်အိမ်သုံးပစ္စည်းများ ထောက်ပံ့ပေးခြင်းဖြစ်ကြာင်း ပူတာအိုခရိုင် တာဝန်ခံဦးနေအောင်ထံမှ သိရသည်။
ဆန်းညွှန့်(ပူတာအို)


