နောင်မွန် ၃၀ ဇူလိုင်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးမှုအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက လုံမောင်ခန်းမ၌ ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစိုးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် နောင်မွန်မြို့ ကဆန်ချောင်းနှင့် ရနမ်ချောင်း ရေကြီးရေလျှံမှုကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစကျော်သက်ထွေးက မိမိတို့မြို့နယ်အနေဖြင့် ရေကြီးရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်၊ ကဆန်ခူးကျေးရွာ၊ ရပ်ဘော့ကျေးရွာနှင့် လန်ဆာကျေးရွာ တို့တွင် ရေကြီးနစ်မြှုပ်ခဲ့သော လယ် (၂၈၀)ဧက၊ ယာ (၁၃၃)ဧက၊ ထိခိုက်မှု လယ် (၉၄ ဒသမ ၁၉) ဧက၊ ယာ (၂၇ ဒသမ ၀၁)ဧက၊ ပျက်စီး လယ် (၁၆ ဒသမ ၃၀) ဧက၊ ယာ (၄ ဒသမ ၈)ဧကနှင့် ပျိုးခင်း (၅၅ ဒသမ ၆၀) ဧက ပျက်စီးခဲ့သဖြင့် နိုင်ငံတော်မှ သီးနှံပျက်စီးခဲ့သည့်တောင်သူများ အစားထိုးစိုက်ပျိုးနိုင်ရန် တစ်ဧက ငွေကျပ် တစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမဘုဒဂုံနှင့် ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)
