ဆီဆိုင် ၂၂ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စု၊ နောင်ထော်ကျေးရွာရှိ ပန်းပျိုးလက် ပရဟိတကျောင်းသို့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ဆန်နှင့် အခြားထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်းနှင့် အဟာရ ကျွေးမွေးခြင်းကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သွဲ့မာလာက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှူး ဦးဇော်ထွန်းက အားကစားဆိုင်ရာများဖြစ်သည့် အားကစားသမိုင်းအကြောင်း၊ အားကစား လုပ်ဆောင်ခြင်းအားဖြင့် ရရှိသော အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဗျားရယ်က စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်း ဟောပြောကြပြီး အားကစားပစ္စည်းများနှင့် စာစောင်များကို ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ဆီဆိုင်မြို့နယ် ဖြူစင်နှလုံးသား သွေးလှူရှင်အသင်းနှင့် စေတနာရှင်များ စုပေါင်း၍ ပန်းပျိုးလက် ပရဟိတကျောင်းအတွက် ဆန်အိတ်ပေါင်း (၁၆) အိတ်၊ ဆီ (၁၈) ပိဿာ၊ Ve Ve ဖျော်ရည်ဘူး (၂၄) ဘူးပါ (၆) ဖာ၊ ဆပ်ပြာမှုန့် (၂) ဖာ၊ သနပ်ခါး (၁၃၀)ဘူး၊ ဧလမုန့် (၂၀ဝ)ခုနှင့် ပရဟိတကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၂၀) ဦးအား အာဟာရနေ့လယ်စာ ထမင်းကျွေးမွေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


