ရန်ကုန်-အောက်တိုဘာ ၂၁

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့် မယ်လမုစေတီတော်ဝင်း အတွင်းရှိ နောင်တော်ကြီးစေတီတော် ဘုံအဆင့်ထီးတော်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ စေတီတော်၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

 

ရှေးဦးစွာ ဆုတောင်းပြည့်မယ်လမုစေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းရှင်နှင့် ဂေါပက အဖွဲ့ဝင်များ၊ အလှူဒါယကများက တင်လှူပူဇော်မည့် ထီးတော်မြတ်အား အမွှေး နံ့သာရည်ဖြင့် ပတ်ဖျန်းပေးကြသည်။

ထို့နောက် ထီးတော်တင်မင်္ဂလာအခမ်းအနားတွင် ပါဝင်ဆောင်ရွက်မည့် စေတီ တော်ဝန်ထမ်းများက သတ်မှတ်ထားသည့် ဘုံအဆင့်ဆင့်တို့တွင် နေရာယူကြကာ ပရိ သတ်များက ရတနာသုံးပါးဂုဏ်တော်ကို အာရုံပြုလျက် ထီးတော်မြတ်အား အလှူဒါ ယကာများ၊ ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့ဝင်များက လက်ဆင့်ကမ်းပင့် ဆောင်ကာ နောင်တော်ကြီးစေတီတော် ဘုံအဆင့်သို့ ကပ်လှူပူဇော်ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး ရုပ်သိမ်းလိုက်သည်။

သတင်း၊ ဓာတ်ပုံ-ကိုကိုဇော်(MNA)