နောင်တရား  ၁၀  ဩဂုတ်

 

ယခုဩဂုတ်လအတွင်း ခရမ်းချဉ်သီးဈေးပြန်တက်လာသဖြင့် နောင်တရားဒေသ၌ ခရမ်းချဉ်သီး စိုက်ပျိုးသည့် တောင်သူများ အဆင်ပြေလာကြောင်း သိရသည်။

 

အရင် ကိုဗစ်ကာလမှာ အောင်ပန်းကုန်စိမ်းပွဲရုံတွေက ခရမ်းချဉ်သီး တစ်ပိဿာကို ၁၅၀ ကျပ်နဲ့ ဝယ်တယ်၊ တစ်ချိုပွဲရုံက မဝယ်ကြဘူး၊ လှူလိုက်တာတွေလဲရှိတယ်၊ အမည့်လွန်တဲ့အသီးတွေကိုတော့ လွှင့်ပစ်ရတယ်၊ ကျွန်တော်တို့ အရောင်းအဝယ်လုပ်တဲ့လူလည်း ရှုံးတယ်၊ စိုက်တဲ့လူလည်း ရှုံးတယ်၊ ခရမ်းချဉ်သီးစိုက်တဲ့ တောင်သူတွေက ပိုရှုံးတာပေါ့၊ ယခုဩဂုတ်လ ပထမပတ်မှာတော့ မနေကဆို တစ်ပိဿာ ၁၅၀ဝ ကျပ်၊ ၁၃၀ဝ ကျပ်နဲ့ ရောင်းရတယ်၊ ခရမ်းချဉ်သီး အမည့်တွေပေါ့၊ အောင်ပန်း ကုန်စိမ်းပွဲရုံမှာ ရောင်းတဲ့ဈေးပါ၊ ခရမ်းချဉ်သီးစိုက်ပျိုးတဲ့ တောင်သူတွေနားမှာတော့ ၈၅၀၊ ၉၀ဝ ကျပ်နဲ့ဝယ်တယ်၊ အစိမ်းသီးတွေပေါ့၊ ခုလို ခရမ်းချဉ်သီးဈေးပြန်ကောင်းတော့ အရင်ကရှုံးခဲ့တာတွေ ပြန်ရတာပေါ့၊ အခုလိုဈေးကောင်းနေဖို့ မျှော်လင့်ပါတယ်ဟု ခရမ်းချဉ်သီးဝယ်ရောင်းနေသည့် ထီရီး ကရင်ကျေးရွာမှ ဦးတဘဲက ပြောသည်။

 

ခရမ်းချဉ်သီး ဈေးပြန်ကောင်းတော့ ကျွန်တော်တို့စိုက်တဲ့လူတွေလည်း အဆင်ပြေတယ်၊ ကျွန်တော့်ခြံဆို နှစ်ခါခူးပြီးပြီ၊ ပိုက်ဆံက (၃၀ဝ၀ဝ၀) ကျော် ရနေပြီ၊ ဒီလိုဈေးလေးဆိုရင်တော့ ခရမ်းချဉ်သီး စိုက်ရတာ ပျော်ပါတယ် ဟု နောင်တရားမြို့မှ ဦးလှဲင်းက ပြောသည်။

 

ခရမ်းချဉ်သီးသည် ကုန်စိမ်းဖြစ်သောကြောင့် ဈေးအတက်အကျမြန်နိုင်ပြီး စိုက်ပျိုးရေးကိုလည်း နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးမှသာ အကျိုးအမြတ်များနိုင်ကြောင်း ၎င်းကဆိုသည်။

 

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် မေလနှင့် ဇွန်လအတွင်းတွင် ခရမ်းချဉ်သီးစိုက်ပျိုးသည့် တောင်သူများ ဈေးကောင်းမရခြင်းကြောင့် ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး အခြေခံစားသောက်ကုန်များ လိုအပ်နေသည့် ဒေသများသို့ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ခွန်အောင်(နောင်တရား)