နောင်တရားဒေသထွက် အာလူးများ ဈေးအတက်ဘက်သို့ ဦးတည်လာ

နောင်တရား မေ ၂၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်ကျင်ကျေးရွာများ၌ ရေသွင်းအာလူးစိုက်ပျိုးထားသည့် တောင်သူများ မေလအတွင်း တူးဖော်ချိန်တွင် အာလူးဈေးအတက်ဘက်သို့ ဦးတည်လာကြောင်း အာလူးစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။

 

နောင်တရားဒေသတွင် မိုးကြို၊ စက(မိုးနှောင်း)၊ ရေးသွင်းအာလူး စသည်ဖြင့် အာလူးကို သုံးကြိမ် စိုက်ပျိုးကြသည်။ မိုးကြိုအာလူးကို မေလနှင့် ဇွန်လတွင်လည်းကောင်း၊ စက(မိုးနှောင်း)ကို စက်တင်ဘာလနှင့် အောက်တိုဘာလ တွင်လည်းကောင်း၊ ရေသွင်းအာလူးကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင်လည်းကောင်း စိုက်ပျိုးကြသည်။ “၂၀၂၄ ခုနှစ်မှာ အာလူးစိုက်ပျိုးရေးစရိတ်ကြီးတယ်လို့ ပြောလို့ရပေမယ့် မျိုးအာလူးတစ်ပိဿာကို ကျပ် ၃၃၀၀ မှ ၃၈၀၀ အထိ ဝယ်ယူစိုက်ပျိုးခဲ့ရတယ်၊ အင်းလေးမှာ သွားရောက်စိုက်ပျိုတဲ့ တောင်သူများ တူးဖော်ချိန်မှ တစ်ပိဿာကို ကျပ် ၁၂၀၀ မှ ၁၅၀၀ အထိဘဲ ရောင်းချရတဲ့အတွက် အရှုံးပေါ်တယ် ပြောလို့ရပါတယ်၊ ယခုနောင်တရားဒေသမှာ စိုက်ပျိုးတဲ့ ရေသွင်းအာလူးကို မေလအတွင်း တူးဖော်ချိန်မှာ တစ်ပိဿာကို ကျပ် ၁၈၀၀ မှ ၂၀၀၀ အထိ ဈေးပြန်ရနေတော့ ဈေးအတက်ဘက် ဦးတည်လာတဲ့အတွက် အမြက်အနည်းငယ်ကျန်တာပေါ့” ဟု ကောင်နာကျေးရွာမှ အာလူးစိုက်တောင်သူတစ်ဦးက ပြောပြသည်။

 

ခွန်အောင်(နောင်တရား)