နောင်တရား   ဩဂုတ်လ ၂၂

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ငွေကျပ် ၇၅ သိန်းတန်ဖိုးရှိ ကျန်းမာရေးသုံးပစ္စည်းများကို ယနေ့ နံနက်ပိုင်းတွင် လှူဒါန်းသည်။

 

ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်း များဖြစ်သည့် နောင်တရားတိုက်နယ်ဆေးရုံနှင့် ကုသရေးဌာနများ၊ နောင်တရားမြို့ ပရဟိတအဖွဲ့များ၊ ဘုန်းတော်ကြီးကျောင်းများသို့ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဦးစိုးမြင့်နှင့် ဇနီး ဒေါ်ဝါဝါအေး၊ ပြည့်ပြည့်ဖြူစင်ကုမ္ပဏီ၊ ကလေးမြို့မှ  Test Kit ၅၀၀ ခု၊ ဦးနေဇာလင်း ဖီးနစ်ကတ္တားမန္တလေးမှ နှာခေါင်းစည်း(mask) ၂၅၀၀ ခု၊ ပိုးသတ်ဆေး ၈ ဘူး၊ လက်အိတ် ၃ ဘူး၊ ရန်ကုန်မြို့အလှူရှင်များမှ  N-95 Mask ၂၀ ခု၊ Exam Glove ၂ ဘူး၊ သုံးလွှာ Mask ၂၀ ဘူး၊ ကိုစိုး ကလေးမြို့ဆေးဆိုင်မှ Remdesivir ၁၂ လုံး၊ နောင်တရား အာလူးအသင်းနှင့် Naungtayar Potato group Co.,lt မှ အောင်ဆီဂျင်စက် ၁ လုံး၊ PPE ၅၀ ထည်၊ လက်အိတ် ၁၀ ဖာ၊ သွေးဖောက်စစ်ပစ္စည်း ၃ ခု၊ ခွဲစိပ်ခန်းသုံးမျက်မှန် ၁၀ ခု၊ N-95 mask  ၂၀၀ ခု၊ ကလိုရင်း ၅ ဘူး စုစုပေါင်း ငွေကျပ် ၇၅ သိန်းခန့်ရှိ ကျန်းမာရေးသုံးပစ္စည်းများကို အလှူရှင်များကိုယ်စား နောင်တရားမြို့ အာလူးအသင်း ဥက္ကဋ္ဌ ဦးခွန်ဆန်းဦးမှ ပေးအပ်လှူဒါန်းပြီး နောင်တရားမြို့ပရဟိတအဖွဲ့များကိုယ်စား ဦးခွန်အောင်ထွန်းလင်းနှင့် အဖွဲ့ဝင်တစ်ဦးက လက်ခံရယူခဲ့သည်။

 

နောင်တရားမြို့နယ်တွင် ဇူလိုင် ၁ ရက်မှ ဩဂုတ်  ၂၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၁၀၅ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၂၉ ဦး လက်ရှိတွင်‌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၇၆)ဦးကို တိုက်နယ်ပြည်သူ့ဆေးရုံနှင့် ရွှေဘုန်းပွင့်ပညာဒါနကျောင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုစင်တာများတွင် ဆေးဝါး ကုသမှုခံယူလျက်ရှိပြီး သေဆုံးလူနာမရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)