နောင်တရား ၂၉ အောက်တိုဘာ

 

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)ကျော် ဘိုးဘွားများက မိမိတို့ရွေးချယ်မည့် လွှတ်တော်ကိုယ်စားလှယ်များ ကြိုတင်ဆန္ဒမဲပေးခြင်းကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီမှ စတင်၍ ကြိုတင်ဆန္ဒမဲ ပေးနေကြောင်း သိရသည်။

           

နောင်တရားမြို့တွင် အသက်(၆၀)ကျော် ကြိုတင်ဆန္ဒမဲပေးနိုင်မည့် ဘိုးဘွား (၇၂၃)ဦးရှိပြီး အဆိုပါမဲဆန္ဒရှင်များအတွက် မဲရုံအမှတ်(၁)ဖွင့်လှစ်၍ အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ကြိုတင်မဲများကို စတင်လက်ခံဆောင်ရွက်လျက်ရှိသည်။ ကြိုတင်ဆန္ဒမဲပေးနိုင်မည့် မဲဆန္ဒရှင်ပြည်သူများမှာ သတ်မှတ်ရက်များတွင် ကြိုတင်ဆန္ဒမဲပေးရန် အကျုံးဝင်သည့် မဲဆန္ဒရှင်ပြည်သူများ၊ Quarantine Center များတွင် ကျန်းမာရေး စောင့်ရှောက်မှုခံယူနေရသည့် မဲဆန္ဒရှင်ပြည်သူများ၊ အသက် ၆၀ နှစ် နှင့်အထက် အသက်အရွယ်ကြီးရင့်သူ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်မည့်အခွင့်အရေး မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို သတ်မှတ်နေရာများအလိုက် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် နေအိမ်များတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

           

ကြိုတင်ဆန္ဒမဲလာရောက်ပေးကြသည့် ဘိုးဘွားများက ပါစပ်၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့်  Social Distancing နှင့်အညီစနစ်တကျလိုက်နာပြီး ပူးပေါင်းပါဝင်ကြကြောင်း သိရသည်။ အဆိုပါ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် နှားခေါင်းစည်းများ၊ Face Shield များ၊ ရေမလိုလက်သန့်ဆေးရည်များ ထားရှိပေးထားကြောင်း သိရသည်။

 

ခွန်အောင်(နောင်တရား)