နောင်တရား ဩဂုတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကို ကိုင်ကြစို့” ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အစီအစဉ်အရ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများပြုလုပ်ပြီး ယနေ့နံနက်ပိုင်းတွင် ကျေးရွာများကိုယ်စားလှယ်များထံသို့ပေးအပ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ကြီးခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးဝင်းမှ တီကျစ်ကျေးရွာအုပ်စု၏ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားကို တီကျစ်ကျေးရွာအုပ်စု ကိုယ်စားလှယ်အားလည်းကောင်း၊ ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးတင့်ဇော်ထက်မှ ပင်ခင်ကျေးရွာအုပ်စု၏ အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစီစစ်ရေးကတ်ပြားကို ပင်ခင်ကျေးရွာအုပ်စု ကိုယ်စားလှယ်အားလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပင်လောင်မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မှ ဘုရားဖြူကျေးရွာအုပ်စု၏ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားကို ဘုရားဖြူကျေးရွာအုပ်စု ကိုယ်စားလှယ်အားလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။
တီကျစ်ကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စုနှင့် ဘုရားဖြူကျေးရွာအုပ်စုအတွင်းရှိ အိထောင်စု လူဦးရေးစာရင်း (၁၁၀)၊ နိုင်ငံသားမှတ်ပုံတင်ကတ်ပြား (၃၆၄)ဦးကို ထုတ်ပေးနိုင်ခဲ့သည်။ အသက်(၁၆)နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုးကို ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်မည့် ပြည်သူများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံး၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ရန် အသိပေးတိုက်တွန်း နှိုးဆော်ထားကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)


