နောင်တရား ၃၁ အောက်တိုဘာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ်၊ နောင်တရားမြို့၌ Naungtayar Potato Group Co.Ltd မှ တည်ဆောင်လျက်ရှိသည့် တန် ၂၀၀၀ ဆန့် အာလူးအအေးခန်း တည်ဆောက်ရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် ဒေသဦးစီးအဖွဲ့ဝင်များ၊ နောင်တရားအာလူးအစုအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဆန်းဦးနှင့် အာလူးစိုက် တောင်သူများက ယနေ့နံနက်ပိုင်းတွင် အဆောက်အအုံအတွက် အမွှေးနံ့သာနှင့် မင်္ဂလာရေများ ပက်ဖျန်း၍ ဆုမွန်ကောင်းတောင်းပြီး စိုက်ထူခဲ့ကြောင်း သိရသည်။
အာလူးစိုက်တောင်သူများ အာလူးဈေးကွက်ကို မိမိတို့တောင်သူလက်ဝယ်တွင် ထိန်းသိမ်းထားနိုင် စေရန်နှင့် မျိုးအာလူးများကို ထိန်းသိမ်းနိုင်စေရန် အအေးခန်းလိုအပ်သည့် အတွက် တန် ၂၀၀၀ ဆန့် အာလူးအအေးခန်းကို ဒေသဦးစီးဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် အာလူးစိုက်တောင်သူများ၏ စုပေါင်းထည့် ဝင်ငွေများနှင့် လုပ်ငန်းရှင်များစုပေါင်းပြီး အများပိုင်အဖြစ် တည်ဆောက်ခြင်းဖြစ်သည်။ အဆိုပါ အာလူးအအေးခန်းတည်ဆောက်ခြင်းအတွက် ငွေကျပ်သိန်းပေါင်း နှစ်သောင်းခန့် ကုန်ကျမည်ဟု သိရသည်။
နောင်တရားဒေသသည် မြန်မာနိုင်ငံတွင် အာလူးအများဆုံးစိုက်ပျိုးသည့် ဒေသဖြစ်ပြီး အာလူးအအေးခန်း တည်ဆောက်ပြီးစီးသွားပါက အာလူးစိုက်တောင်သူများ ဈေးကွက်ပုံမုန် ရရှိခြင်း၊ မျိုးအာလူးများကို ကြာရှည်ထိန်းသိမ်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)


