နောင်တရား ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာအုပ်စု၊ ထီရီးကရင်ရွာ၌ ထောပတ်ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူများ ထောပတ်ပင်ရိပ်အောက်၌ ဝဥစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
“ဝဥကို ထောပတ်ပင်အောက်မှာ ပြီးခဲ့တဲ့နှစ်မှ စတင်စမ်းသပ်စိုက်ပျိုးကြည့်ဖြစ်တာပါ အောင်မြင် ပါတယ်၊ ထောပတ်ပင်အောက်မှာ အခြားသီးနှံပင်တွေစိုက်တာ အောင်မြင်ဖြစ်ထွန်းတာ နည်းတယ်၊ ဝဥမျိုးကို ချင်းပြည်နယ်ကနေ မှာယူစိုက်ပါတယ်၊ ယခုနှစ်မှာတော့ ယခင်နှစ် ဝဥက ထွက်လာတဲ့ အသီးနှင့် ဥမကိုပြန်စိုက်တော့ စိုက်ပျိုးဧကတိုးပါတယ်၊ သဘာဝမြေဆွေးပဲ ကျွေးရတော့ စိုက်ပျိုးရေးစရိတ် သက်သာတယ်” ဟု ထီရီးကရင်ရွာမှ ထောပတ်ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူ တစ်ဦးက ပြောသည်။
နောင်တရားမြို့တွင် ဝဥအစို တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၄၀၀၀ ၊ ဝဥအခြောက် တစ်ပိဿာ ကျပ် ၇၀၀၀ မှ ၁၀၀၀၀၊ ဝဥမျိုး တစ်ပိဿာ ကျပ် ၆၀၀၀ မှ ကျပ် ၉၀၀၀ အထိ အရောင်းအဝယ်ပြုလုပ်ကြောင်း၊ ယခုနှစ်မှာတော့ ဝဥဈေးကွက်က အနည်းငယ်အေးတယ် ပွဲရုံမှာတော့ အခြောက်လုပ်ပြီး လာရောင်းတဲ့ တောင်သူတွေပဲများတယ်၊ အစိုလာရောင်းတာ ရှားပါတယ်”ဟု ကုန်မျိုးစုံရောင်းဝယ်နေသည့် ကုန်သည်တစ်ဦးထံမှ သိရသည်။
ထောပတ်ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူများက ဝဥစိုက်ပျိုးရာတွင် စိုက်ပျိုးရေးစရိတ် နည်းပါးခြင်း၊ ဝဥကို အစို၊ အခြောက် နှစ်မျိုးလုံး ရောင်းချရလွယ်ကူခြင်းကြောင့် ကြားညှပ်သီးနှံများအဖြစ် စိုက်ပျိုးရန် စိတ်ဝင်စားကြပြီး အောင်မြင်မှုရှိသည့်အတွက် တိုးချဲ့စိုက်ပျိုးနေကြောင်း အဆိုပါတောင်သူထံမှ သိရသည်။
ခွန်အောင်(နောင်တရား)