နောင်တရား၊ ၁၂ ဇန်နဝါရီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်၌ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဝီစိတွင်း တူးဖော်၍ ရေသွင်းစိုက်ပျိုးသည့် စနစ်ကို ပိုမိုတွင်ကျယ်စွာ စိုက်ပျိုးလာကြကြောင်း သိရသည်။

“လူဦးရေနဲ့မြေယာက မမျှတော့ဘူး ဒီမှာတော့ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး စိုက်ပျိုးရေး လုပ်ငန်းလုပ်တယ်။ အဝီစိတူးလို့မရတဲ့ နေရာမှာတော့ မိုးရေကိုအားကိုးတယ် အဝီစိတူးလို့ရတဲ့နေရာဆို ရေတူးပြီး နွေရာသီမှာ အာလူးနဲ့ အခြားကုန်စိမ်းတွေ စိုက်တယ် မိုးကိုဘဲ အားကိုးနေလို့မရတော့ဘူး” ဟု အဝီစိတူးဖော်၍ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေသည့် တောင်သူတစ်ဦးက ပြောသည်။

နောင်တရားမြို့ပတ်ဝန်းကျင် လယ်ယာမြေများတွင် ယခင်က နောင်တရားချောင်းကို အားပြု၍ နွေရာသီစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ခဲ့ပြီး ယခုအခါ အဆိုပါချောင်းမှာ ရေခမ်းခြောက်လျက်ရှိသည်။ ထို့ကြောင့် အဝီစိတွင်းရေ တူးဖော်ပြီး စိုက်ပျိုးသည့်စနစ်ကို အသုံးပြု၍ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလာကြသည်။ အဝီစိတူးဖော်ရာတွင် တစ်ပေ ကျပ်သုံးထောင် ကျသင့်ပြီး ပေ သုံးရာအထိ တူးဖော်၍ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဆောင်ရွက်လာကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)