၁၆  နိုဝင်ဘာ

 

ရဘူးလားနောင်တ….နောင်တမရဘူးတဲ့လူ မရှိလောက်ဘူးနော်။ လုပ်သင့်တာကို မလုပ်လိုက်မိလို့၊ မလုပ်သင့်မှန်းသိရက် ဒေါသအလျောက်လုပ်လိုက်မိလို့၊ အနားမှာရှိစဉ်က တန်ဖိုးမထားမိလို့၊ ပြောသင့်တာကို မပြောခဲ့မိလို့၊ အချိန်ရှိတုန်းက မကြိုးစားမိလို့လေ။ နောင်တဆိုတာကလည်း နောင်မှရတတ်တာမျိုးလေနော်။ သိပ်အလေးအနက် မထားတတ်တဲ့သူတွေကျတော့လည်း ခပ်မြန်မြန်ပဲ မေ့ပျောက်သွားကြတယ်။ စိတ်ခွန်အားကောင်းတဲ့သူတွေကလည်း နောင်တကို တစ်ချိန်လုံး ပိုက်မထားတတ်ဘူးလေ။ စိတ်ခွန်အားအဖြစ်တောင်အသုံးချလိုက်သေးတယ်။ စိတ်ထားနူးညံ့တဲ့ သူတွေနဲ့ စိတ်ပျော့ညံ့တဲ့သူတွေကတော့ နောင်တတရားကို တစ်သက်လုံး ပိုက်ထားရင်း ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားတတ်ကြပါတယ်။ သင်ကရောဘယ်လိုလူလဲ။ နောင်တတရားကို ပိုက်ထားတတ်လား၊ မေ့ပျောက်ပစ်တတ်လား၊ ခွန်အားအဖြစ် အသုံးချတတ်လား။

 

နောင်တဆိုတာက

 

နောင်တဆိုတာက စိတ်ခံစားမှုတစ်ခုပါ။ ကောင်းတဲ့စိတ်ခံစားချက်တော့ မဟုတ်ဘူးပေါ့။ အခြေအနေတစ်ခုကြောင့် နောင်တရတာမျိုးဖြစ်နိုင်သလို ကိုယ်ချစ်ခင်ရတဲ့သူတွေကြာင့်လည်း နောင်တရသလိုခံစားချက်မျိုး ဖြစ်စေနိုင်ပါတယ်။ တစ်ခါတလေ ကိုယ်ကိုယ့်ကို မကောင်းတဲ့သူအဖြစ် ထင်မှတ်တာမျိုးထိတောင် ဆိုရွားနိုင်ပါတယ်။ နောင်တရတဲ့ခံစားချက် ဖြစ်ပေါ်တဲ့အခါပျော်ရွှင်မှုတွေက အလိုလိုပျောက်ဆုံးလာပါတယ်။ စိတ်ညစ်သလိုလို၊ စိတ်ထဲတစ်ခုခုကို မကျေနပ်သလိုခံစားရနိုင်ပါတယ်။ ဒီလိုအပျက်သဘောဆောင်တဲ့ ခံစားချက်ကို အချိန်ကြာမြင့်စွာထိန်းသိမ်းထားမှုက စိတ်ဖိစီးမှုကိုတိုးလာစေသလို စိတ်ကျဝေဒနာ ခံစားရတဲ့အထိ တောင်ဖြစ်လာနိုင်ပါတယ်။

 

မြင်သာတဲ့ရလဒ်တွေအနေနဲ့ မြင်တွေ့ရမှာတွေကတော့ အလုပ်ခွင်မှာထိခိုက်လာမယ်၊ ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ ထိခိုက်လာမယ်။ ဆုံးဖြတ်ချက်ချနိုင်စွမ်းနည်းလာမယ်။ အလုပ်လုပ်တဲ့အခါ အမှားများလာမယ်၊ အမြဲလိုလိုဒေါသဖြစ် နေတာမျိုးတွေ ခံစားလာရ နိုင်ပါတယ်။ ကိုယ်ပြင်ဆင်လို့ရရက်နဲ့ မပြင်ဆင်ခဲ့တာကြောင့် နောင်တရတာကတော့ ဖြစ်သင့်တယ်လို့ ဆိုလို့ရပေမယ့် အချို့ကိစ္စတွေက ကိုယ်တိုင်ကကောင်းစေချင်လို့ လုပ်ပေးရက်နဲ့ ချွတ်ချော်ခဲ့တာတွေကြောင့် ခံစားလာရတဲ့နောင်တတွေထဲကနေတော့ ရုန်းထွက်ပါလို့ပြောပါရစေ။ နောင်တတရားက ကြာကြာမွေးထားရင် စိတ်ရောကိုယ်ပါ ထိခိုက်စေရုံထက်ဘာမှ ပိုပြီးအကျိုးမပြုပါဘူး။

 

စိတ်ကျန်းမာရေးနဲ့နောင်တ တရား

 

နောင်တ တရားကတစ်ခါတလေမှာပြောင်းလဲမှုကို ဖြစ်စေနိုင်ပါတယ်။ နောင်တ တရားက အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုကနေဖြစ်ပေါ်လာတာများပါတယ်။ နောင်တ ရတဲ့ခံစားမှုကို ခံစားရတဲ့အခါ –

 

တဖက်သတ်ဆန်ဆန် ဆုံးဖြတ်ချက်တွေချမှတ်တတ်တယ်၊ ဆုံးဖြတ်ချက်ချတဲ့အပိုင်းမျာ အားနည်းလာတာမျိုးပေါ့။

 

စိတ်ဖိစီးမှုကြောင့် မကောင်းတဲ့ခံစားချက်ကိုဖြစ်စေတဲ့ ကိစ္စရပ်တွေကို အကြိမ်ကြိမ် တွေးတာကြောင့် အပြုအမူပိုင်းမှာထိခိုက်လာနိုင်ပါတယ်။

 

ဝမ်းနည်းမှုကို ကာလရှည်ကြာခံစားတယ်။

 

ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားတယ်။

 

ရှက်ရွံ့သလိုခံစားရမယ်။

 

ဒေါသဖြစ်မယ်။

 

နောင်တတရားကို ဒီလိုအနိုင်ယူပါ

 

နောင်တတရားကိုကောင်းကောင်းအသုံးချတတ်ပါစေ

 

နောင်တတရားက ကောင်းကောင်း အသုံးချတတ်တဲ့သူတွေအတွက်တော့ ကောင်းမွန်တဲ့ အတွေ့အကြုံပေါ့။ အနာဂတ်အတွက် ဆုံးဖြတ်ချက်တွ ေကောင်းကောင်းတွေ ချမှတ်နိုင်စေဖို့ အထောက်အပံ့ဖြစ်စေမှာပါ။ လေ့လာမှုတွေအရနောင်တ တရားကို ကောင်းကောင်းအသုံး ချနိုင်မယ်ဆိုရင် ဆုံးဖြတ်ချက်ချမှတ်တဲ့အခါမှာဖြစ်ဖြစ်၊ ကိစ္စရပ်တွေကို ကိုယ်တွယ်ဖြေရှင်းတဲ့ အခါမှာဖြစ်ဖြစ်၊ လေ့လာသင်ယူရာမှာဖြစ်ဖြစ် ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ပေးစွမ်းနိုင် ပါတယ်။ ဒါကြောင့် နောင်တရစရာတွေကို ကောင်းကောင်းအသုံးချတတ်ပါစေ။ နောင်တရစေတဲ့ အကြောင်းအရာက ပြင်ဆင်ခွင့်ရှိတဲ့အရာဆိုလည်း မြန်မြန်သာပြင်ဆင်လိုက်ပါ။

 

လက်ခံတတ်ပါစေ

 

လူတိုင်းက ပြီးပြည့်စုံဖို့မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကို သဘောပေါက်ဖို့လိုပါမယ်။ ရောင့်ရဲဖို့ပေါ့။ လူဆိုတာက အကုန်လုံးကို စွမ်းဆောင်နိုင်ဖို့ဆိုတာက မဖြစ်နိုင်ဘူးဆိုတာကို နားလည်ထားရင် ကိုယ်မစွမ်းဆောင်နိုင်တဲ့အခြေအနေကြောင့်ဖြစ်ပေါ်လာတဲ့နောင်တတရားကို ခံနိုင်ရည်ရှိသွား ပါလိမ့်မယ်။

 

စိတ်တွင်းခံစားမှုကို နားလည်အောင်လုပ်ပါ

 

တစ်ခါတလေဒေါသအလျောက် စိတ်ထဲကဖြစ်စေချင်တာ၊လုပ်ချင်တာက တစ်မျိုးပြင်ပမှာပြုမူ မိနေတာက တစ်မျိုးဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ပြင်မရတဲ့နေင်တတွေ မရစေဖို့ စိတ်ထဲက ဖြစ်ချင်တဲ့ ဆန္ဒကို အရင်နားထောင်ပြီးမှာ အပြုအမူကိုဆက်လုပ်ပါ။ စိတ်ထင်တိုင်းမလုပ်ပါနဲ့။ ဒေါသတကြီးနဲ့ မပြုမိခင် ဖြစ်လာမယ့်အကျိုးဆက်ကို ကြိုတင်စဉ်းစားပေါ့။

 

ကျေးဇူးတင်တတ်ပါစေ

 

ဘာမှမဆိုင်သလို ထင်စရာရှိတယ်နော်။ ဒါက တစ်ခါတလေဖြစ်တတ်ပါတယ်။ ကိုယ့်ကိုယ်ကို ကူညီပေးတဲ့သူတွေ။ ဂရုစိုက်ပေးတဲ့သူတွေကိုကျေးဇူးမတင်မိလို့နောင်တရဖူးလား။ အထူးသဖြင့် ကိုယ့်ကိုချစ်တဲ့သူတွေလေ။ သူတို့လုပ်ပေးနေတာ စိတ်ပူပေးတာကို တစ်ခါတလေ အမှုမဲ့အမှတ်မဲ့နဲ့ ထားလိုက်တတ်တယ်လေ။ တိုက်ဆိုက်တဲ့အခြေအနေတစ်ရပ်ကို မြင်လိုက်တဲ့အခါမျိုးမှာ ကြုံကြိုက်တဲ့ အခါမျိုးဖြစ်ဖြစ်၊ ကိုယ်တိုင်ကစေတနာနဲ့လုပ်ပေးတာကို ကျေးဇူးတင်မခံရတဲ့ အခါမျိုးမှဖြစ်ဖြစ် သတိပြုမိတာမျိုးပေါ့။ ဒီလိုအချိန်မှာ စိတ်မကောင်းမဖြစ်စေဖို့မေမေဖေဖေတွေ၊ ညီအစ်ကိုမောင်နှမနဲ့ မိတ်ဆွေတွေက ဂရုစိုက်ပေးမှုကိုကျေးဇူးတင်တတ်ပါစေ။ ကျေးဇူးတင် တတ်တာ အသိအမှတ်ပြုတတ်တာက စိတ်ကျန်းမာစေတယ်၊ လို့လေ့လာမှုတွေက ဆိုပါတယ်။

 

ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို သိပါစေ

 

ပြင်ဆင်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ရပ်ရပ်ကြောင့်ရလာတဲ့နောင်တတရားတွေကို ရင်မှာပိုက်ထားမယ့်အစား ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကိုသိအောင်လုပ်ပြီး အကောင်အထည်ဖော်ဖို့ စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားလိုက်ပါ။ ကိုယ်ဝါသနာပါရာကို စိတ်နှစ်လုပ်ဆောင်ရင်းနောင်တ တရားထဲကနေ ရုန်းထွက်စေချင်တာပါ။

 

တောင်းပန်လို့ရနိုင်ရင်တောင်းပန်ပါ။ ခွင့်လွှတ်စရာရှိရင် ခွင့်လွှတ်ပါ

 

ဒီလိုပြောရတာက တစ်ခါတလေနောင်တရစရာက တောင်းပန်ရမယ့် အနေအထားတစ်ရပ် ကနေဖြစ်လာတာပါ။ တစ်ခါတလေမှာက ခွင့်လွှတ်ပေးရမယ့် အနေအထားကနေဖြစ်လာတာပါ။ ဒါကြောင့် တောင်းပန်လို့ရမယ့် အနေအထားမျိုးဆိုရင်တောင်းပန်လိုက်ပါ။ ခွင့်လွှတ်ရမယ့် အနေအထားဆိုရင်တော့ မြန်မြန်သာခွင့်လွှတ်လိုက်ပါ။ အပန်းမကြီးပါဘူး။ လူတစ်ယောက်ကို ခွင့်လွှတ်ပေးတာက စိတ်လက်ပေါ့ပါးစေတဲ့ အရာတစ်ခုမို့လို့ပါ။ နောင်တရနေမယ့်အစား ယုံကြည်မှုတည်ဆောက်ပြီးကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ရပ်ဖန်တီးလို့ ရှေ့ဆက်လျှောက်ပေါ့။

 

ကိုယ်ပြုပြင်လို့မဖြစ်နိုင်တာတွေအတွက်တော့ အရမ်းကြီးနောင်တရမနေစေချင်ဘူး။ ပြင်ဆင်ခွင့် ရှိရင်တော့ မြန်မြန်သာပြင်ဆင်လိုက်တော့လေနော်။ ကဲ တစ်သက်လုံးနောင်တ တရားနဲ့နေမလား၊ စိတ်လက်ပေါ့ပါးစွာနဲ့ရှေ့ဆက်မလား စဉ်းစားပေါ့…

 

ရေးသားသူ- Aye Thi Mon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Kaung Thar

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်”