အော်စလို ၃၀ ဒီဇင်ဘာ

နော်ဝေနိုင်ငံ မြို့တော်အော်စလိုမှ အရှေ့မြောက်ဘက် မြို့ငယ်လေးတစ်မြို့တွင် ယနေ့အစောပိုင်းက မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် လူ ၂၀ ကျော် ပျောက်ဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိကာ ၅၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာမီဒီယာများက သတင်းဖော်ပြသည်။

အဆိုပါ မြေပြိုမှုသည် မြို့တော်အော်စလိုမှ အရှေ့မြောက်ဘက် ၂၅ ကီလိုမီတာခန့်အကွာရှိ အိမ်ခြေ ၅၀၀၀ ခန့် နေထိုင်ရာ ဂဂျာဒရမ်စီရင်စုနယ် အာ့စ်ခ်မြို့ငယ်လေးတွင် ယနေ့အစောပိုင်းမိုးမလင်းခင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူနေအိမ်အများအပြားကို ထိခိုက်သွားကြောင်း သိရသည်။

မြေပြိုမှု၌ လူနေအိမ်အများအပြား ထိခိုက်သွားပြီးနောက် အခင်းဖြစ်ပွားသည့်နေရာတွင် အရေးပေါ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း နော်ဝေရဲတပ်ဖွဲ့က တွစ်တာစာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

ဧရိယာစတုရန်းမီတာ ၂၁၀၀၀၀ ခန့်ကျယ်ဝန်းသောနေရာ၌ မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် ပြည်သူ ၅၀၀ ခန့်သည် ၎င်းတို့၏ နေအိမ်များမှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြသည်။ အခင်းဖြစ်ပွားသည့်နေရာတွင် ယနေ့ နေ့လယ်စာစားသုံးချိန်အထိ လူ ၂၁ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ဒီလူတွေဟာ မြေပြိုမှုဖြစ်ပွားတဲ့နေရာမှာ ပါသွားသလား၊ ဒါမှမဟုတ် ခရီးလွန်ပြီး အခြားနေရာတွေ ရောက်နေကြသလားဆိုတာကိုတော့ မသိရပါဘူး၊ တယ်လီဖုန်းနဲ့ ဆက်သွယ်တော့လည်း ဆက်သွယ်လို့မရပါဘူးဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် နော်ဝေ၀န်ကြီးချုပ် အာနာဆိုလ်ဘာ့ခ်က သဘာဝဘေးကြောင့် အာ့စ်ခ်မြို့ ရုပ်ပျက်ဆင်းပျက်ဖြစ်မှုအပေါ် အလွန်ပင်စိတ်ထိခိုက်မိပါကြောင်း၊ မြေပြိုမှုဒဏ်ခံခဲ့ရသည့် ပြည်သူများနှင့် ထပ်တူထပ်မျှ ခံစားမိပါကြောင်း စသည်ဖြင့် ၎င်း၏ လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - ဂျေတီ