နော်ဝေနိုင်ငံ အနောက်တောင်ဘက်တွင် ဇိမ်ခံသင်္ဘောကြီးတစ်စင်း စက်ချို့ယွင်းမှုကြောင့် အရေးပေါ်ရပ်နားထားရ

အော့စလို ၂၅ မတ်  

 

အထပ်ကိုးထပ်ပါသော ဇိမ်ခံသင်္ဘော ကြီးတစ်စင်းသည်    နော်ဝေနိုင်ငံအနောက်တောင်ဘက်တွင်  စက်ချို့ယွင်းမှုကြောင့် အရေးပေါ် ကျောက်ချရပ်နားထားရပြီး လိုက်ပါစီးနင်းလာသူခရီးသည်  ၁၃၀ဝ  ခန့်ကို  ဘေးလွတ်ရာသို့ ပို့ဆောင်နိုင်ရန် ကယ်ဆယ်ရေးသမားများက ကြိုးပမ်းလျက်ရှိကြောင်း  ယမန်နေ့  ဆင်ဟွာသတင်း တစ်ရပ်အရ သိရသည်။

 

အဆိုပါသင်္ဘောသည်  မတ်  ၂၃  ရက်တွင် ကမ်းရိုးတန်းမှ နှစ်ကီလိုမီတာ အကွာတွင် စက်ချို့ယွင်းကာ ရပ်နားခဲ့ရသည်။  လေတိုက်ခတ်နှုန်းသည်တစ်နာရီ ၇၂ ကီလိုမီတာကျော်ရှိခဲ့ပြီး ပင်လယ်ရေလှိုင်းကြီးများသည် ရှစ်မီတာအထိ  မြင့်တက်လာခဲ့ခြင်းကြောင့်      သင်္ဘောစက်ချို့ယွင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိသည်ဟု နော်ဝေ        မိုးလေဝသနှင့်ဇလဗေဒ တာဝန်ရှိသူများက ဆိုသည်။

 

လေပြင်းများတိုက်ခတ်စဉ်တွင် သင်္ဘောပေါ်ရှိ  မျက်နှာကြက်အချို့ပြိုကျခဲ့ပြီး ဆိုဖာများနှင့် အခြားသော ပရိဘောဂပစ္စည်းများ ရွေ့လျားလျက်ရှိခဲ့သည်။  သင်္ဘော၏  ပြတင်းတံခါး များပျက်စီးကာ    ပင်လယ်ရေများ ဝင်ရောက်လာခဲ့ခြင်းကြောင့် ခရီးသည်များသည် အသက်ကယ်ဝတ်စုံများဝတ်ဆင်ကာ ကယ်ဆယ်ရေးအဖွဲ့များကို      စောင့်ဆိုင်းခဲ့ရကြောင်း သတင်းတွင်ဖော်ပြသည်။

 

သင်္ဘောပေါ်တွင် လိုက်ပါစီးနင်းသူများအနက် ခရီးသည် ၄၆၀ ကျော်ကိုဘေးလွတ်ရာသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်းနှင့် ယင်းတို့အနက် ၂၀ ခန့်သည် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသ္တရတာဝန်ရှိသူများက ဆိုသည်။

 

ကယ်ဆယ်ရေးလုပ်သားများက ရဟတ်ယာဉ်များအသုံးပြုကာ  ခရီးသည်များနှင့် သင်္ဘောအမှုထမ်းများအား ကယ်ဆယ်ရန်နှင့် အဆိုပါသင်္ဘောအား      နီးစပ်ရာ ဆိပ်ကမ်းတစ်ခုသို့ပို့ဆောင်ရန်  ဆက်လက်ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။  

 

ဆင်ဟွာ