ရေတာရှည်၊ ၂၄ မေ

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နေ့အပူချိန် မြင့်တက်နေသည့် ယခုအချိန်တွင် သောက်သုံးရေဖူလုံစွာ ရရှိနိုင်ရေးကို အဓိက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ၁၄၆ ဒသမ ၁၉၅ ကျပ်သန်းဖြင့် ဆွာမင်းလမ်း ကျေးရွာအုပ်စု ကညင်အိုင်၊ ဆွာမင်းလမ်း၊ ရေနီးကျေးရွာ၊ ပိတောက်ခင်အုပ်စု ချောင်းခွကျေးရွာ၊ ဘုရားကုန်းအုပ်စု ကံလှ၊ ရသေ့ဆိပ်ကျေးရွာ၊ ဒိုးတန်းအုပ်စု၊ ဒိုးတန်းရွာနှင့် ဒေါင့်အင်းကုန်းအုပ်စု လယ်သာအေးကျေးရွာတို့တွင် စက်ရေတွင်း(တွင်းနက်) တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်သည်။ ထို့ပြင် တိုင်းဒေသကြီး၊ ခွင့်ပြုရန်ပုံငွေ ၃၂ ဒသမ ၆၀ ကျပ်သန်းဖြင့် ကျောက်ပုံ၊ ရွာသာယာကျေးရွာတို့တွင် စက်ရေတွင်း ၂ တွင်း၊ မွမ်းမံရန်ပုံငွေ ၁၉ ဒသမ ၆၀ ကျပ်သန်းဖြင့် ကွမ်းအုံအုပ်စု လေးအိမ်စုကျေးရွာ၌ စက်ရေတွင်း ၁ တွင်း၊ UNICEF ရန်ပုံငွေ ၂၈ ဒသမ ၁၀ ကျပ်သန်းဖြင့် ကြံသနွယ်အုပ်စု စိုင်တမော့ကြီးကျေးရွာ၌ ကျေးလက်ရေပေးရေး၊ အိမ်သွယ်ရေတိုင်နှင့် ရေမီတာများ တပ်ဆင်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီးခွင့်ပြရန်ပုံငွေ ကျပ် ၆၅ သန်းဖြင့် ကျေးရွာ ၅ ရွာတွင် လေးလက်မတွင်းနက် စက်ရေတွင်းများ ဆက်လက်တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုလွင်(ဆွာ)