သတင်းဆောင်းပါး - ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
အအေးပေးပစ္စည်းများနှင့် နေ့စဉ်လူနေမှုဘဝ
ကမ္ဘာဦးလူသားတို့ သဘာဝအလျောက် ပေါက်ရောက်နေသည့် သီးပင်စားပင်များကို ခူးယူ စားသောက်ခြင်း၊ အသားငါးများကို အစိမ်းစားခြင်းပြုခဲ့ ကြရာမှ မီးကိုတွေ့ရှိပြီးနောက် ချက်ပြုတ်စားသောက် ခြင်း၊ ထွန်ယက်စိုက်ပျိုးခြင်းတို့ကို တဖြည်းဖြည်း တိုးတက်ဆောင်ရွက်နိုင်ခဲ့ကြပြီး လွန်ခဲ့သော နှစ် ၅၀၀၀ ခန့်ကစ၍ ကျောက်ခေတ်မှ သံခေတ်သို့ ကူးပြောင်းကာ ခဲ၊ ပြဒါး၊ နီကယ်၊ သံ တို့ကို တွင်ကျယ်စွာ သုံးစွဲလာနိုင်ခဲ့ကြ ပါသည်။ စက်မှုတော်လှန်ရေးကာလအတွင်း ရေနွေးငွေ့ သုံး အင်ဂျင်မှစ၍ ခေတ်မီစက်ကိရိယာများ၊ စက်ရုံကြီး များ တီထွင်နိုင်ခဲ့ကြကာ အသုံးအဆောင်ပစ္စည်းများကို အဆင့်မြင့်သည်ထက်မြင့်အောင် ဖန်တီးထုတ်လုပ်ခဲ့ကြ သဖြင့် လူနေမှုအဆင့်အတန်း သိသိသာသာ တိုးတက် မြင့်မားလာခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။
လူသားတို့၏ တီထွင်ဆန်းသစ်မှု၊ နည်းပညာဖွံ့ဖြိုး တိုးတက်လာမှုများ၏ ရလဒ်တစ်ခုဖြစ်သည့် ရေခဲ သေတ္တာ၊ လေအေးပေးစက်စသည့် လူ့အသုံးအဆောင် ပစ္စည်းများသည် ယနေ့ခေတ် နေ့စဉ်နေထိုင်မှုဘဝ၏ အရေးပါလှသည့် အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်လာပါသည်။
၁၉၂၀ ပြည့်နှစ်ကာလများတွင် ရေခဲတုံးကြီးများအား လေလုံဗီရိုကြီးများတွင် ထည့်သွင်း၍ ရေခဲသေတ္တာများ အဖြစ်အသုံးပြုခဲ့ကြရာမှ အပူလျော့ကျစေသည့်အရည် (Coolants) သုံး ရေခဲသေတ္တာများအသုံးပြုလာခဲ့ကြပါ သည်။ ယင်းသို့ အသုံးပြုခဲ့ကြရာတွင် ယင်း Coolants များသည် ယိုစိမ့်မှုဖြစ်ပါက လူကိုသေစေနိုင်သည်အထိ အဆိပ်ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့ကြသဖြင့် ကလိုရို ဖလူရိုကာဗွန် - CFCs ဒြပ်ပစ္စည်းတစ်မျိုးကို တီထွင်ကာ အအေးပေးပစ္စည်းအဖြစ် အသုံးပြုခဲ့ကြပါသည်။ CFCs ဒြပ်ပစ္စည်းများသည် ၂၀ ရာစု၏အရေးပါဆုံးသော တီထွင် ဆန်းသစ်မှုဟု သတ်မှတ်နိုင်သည်အထိ တွင်ကျယ်ခဲ့ပြီး ထိုစဉ်အခါက လူသားတို့၏ လူနေမှုဘဝကို ထူးခြားသိသာ စွာ တိုးတက်ပြောင်းလဲစေခဲ့ပါသည်။
ယနေ့ခေတ်တွင် အအေးပေးပစ္စည်းများဖြစ်သည့် ရေခဲသေတ္တာ၊ လေအေးပေးစက်ပစ္စည်းများကို မြို့ပြ ဒေသများတွင်သာမက ကျေးလက်ဒေသများတွင်ပါ တွင်ကျယ်စွာ အသုံးပြုလာကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အိမ်သုံးရေခဲသေတ္တာများ အသုံးပြုခြင်းကြောင့် စုစုပေါင်း စားသောက်ကုန်ထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းခန့်အထိကို လေလွင့်မှုမရှိအောင် လျှော့ချပေးနိုင်ကြောင်း လေ့လာ တွေ့ရှိရပါသည်။
လေ့လာဆန်းစစ်ချက်များအရ ကမ္ဘာတစ်ဝန်းရှိ ပင်လယ်ကူးငါးဖမ်းသင်္ဘော ၄ ဒသမ ၄သန်းခန့်သည် အအေးခန်းများကိုအသုံးပြုလျက်ရှိပြီး ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလျက်ရှိသောကြောင့် အအေးပေးပစ္စည်းများသည် အလွန်အရေးပါလာကြောင်း တွေ့ရှိရပါသည်။
အလားတူ ဆေးရုံများ၊ ဓာတ်ခွဲခန်းများတွင် အသုံးပြု သည့် ဆေးဝါးများ၏ ၅၀ ရာခိုင်နှုန်းခန့်သည် အပူချိန် ကြောင့် ပျက်စီးနိုင်သဖြင့် အအေးခန်းများတွင် သိုလှောင် အသုံးပြုကြရကြောင်း၊ ဆေးကုသရာတွင် အသုံးပြုသည့် Scanner ကဲ့သို့သော စက်ပစ္စည်းများမှာလည်း အအေး ခန်းများဖြင့်သာ ထိန်းသိမ်းရကြောင်း၊ ကျန်းမာရေးကုသ မှုများအတွက် အဓိကအရေးပါသည့် သွေးနှင့်တစ်သျှူးများ သိုလှောင်ရာတွင်လည်းအအေးပေးပစ္စည်းများမှာ အဓိက အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း တွေ့ရှိရပါသည်။
ယင်းသို့သောကျန်းမာရေးနှင့် စားသောက်ကုန်ထုတ် လုပ်မှု၊ သိုလှောင်မှုလုပ်ငန်းများတွင်သာမက စီးပွားရေး လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ နှင့်ဝန်ဆောင်မှုလုပ်ငန်းများ၊ စက်ရုံ အလုပ်ရုံများတွင် လည်း အအေးပေးပစ္စည်းများကို မရှိမဖြစ် အသုံးပြု လာကြသည့်အတွက်လာမည့် ၂၀၅၀ ပြည့်နှစ်၌ ကမ္ဘာ တစ်ဝန်းတွင် လေအေးပေးစက်သန်းပေါင်း ၅၆၀၀ ခန့် သုံးစွဲလာနိုင်မည်ဖြစ်ပြီး လက်ရှိသုံးစွဲနေသည့် စွမ်းအင် ပမာဏ၏ သုံးဆခန့် လိုအပ်လာနိုင်ကြောင်းနှင့် စုစု ပေါင်း ကမ္ဘာ့လျှပ်စစ်ဓာတ်အားသုံးစွဲမှု၏ ၁၆ ရာခိုင်နှုန်း အထိသုံးစွဲလာနိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်း ထားကြပါသည်။
အအေးပေးပစ္စည်းများနှင့် အိုဇုန်းလွှာ
အထက်ပါ အချက်အလက်များအရ ရေခဲသေတ္တာ လေအေးပေးစက် အအေးခန်းများ၊ စူပါမားကတ်နှင့် ကုန်တိုက်ကြီးများရှိ Chiller များ အစရှိသည့် အအေးပေး ပစ္စည်းများသည် ကျွန်ုပ်တို့ နေ့စဉ်နေထိုင်မှုတွင် မရှိမဖြစ် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပြီး အဆိုပါ အအေးပေးစက်ပစ္စည်းများတွင် အများဆုံး အသုံးပြုလျက်ရှိသည့် ကလိုရိုဖလူရိုကာဗွန် (Chloroflurocarbons-CFCs) ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (Hydro-chloroflurocarbon HCFCs) အစရှိသည့် ကလိုရင်းကို အခြေခံသော ဒြပ်ပစ္စည်း များသည် စထရာတိုစဖီးယားအလွှာအတွင်းရှိ လူသားတို့ အပါအဝင် သက်ရှိများကို နေရောင်ခြည်နှင့်အတူ ပါရှိလာ သည့် ခရမ်းလွန်ရောင်ခြည်၏ အန္တရာယ်မှ သဘာဝ အလျောက် အကာအကွယ်ပေးနေသော အိုဇုန်းလွှာကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေကြောင်း၊ လေထုအတွင်းရှိ ကလိုရင်းအက်တမ်တစ်လုံးသည် အိုဇုန်းမော်လီကျူး အလုံး ပေါင်းတစ်သန်းအထိ ဖြိုခွဲနိုင်စွမ်းရှိသည့် အိုဇုန်းလွှာပျက်စီးစေသော အဓိက ဒြပ်ပစ္စည်း (Ozone Depleting Substance ODS) များဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။
ကမ္ဘာ့အိုဇုန်းလွှာသည် အအေးပေးပစ္စည်းများတွင် အသုံးပြုသည့် ကလိုရိုဖလူရိုကာဗွန်ကြောင့်ပျက်စီးကြောင်း ကို ဓာတုဗေဒပညာရှင် မာရီယာမိုလီနာနှင့် ရှားဝုဒ်ရိုလန် တို့က ၁၉၇၄ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် အန္တာတိကတိုက်ပေါ်ရှိ အိုဇုန်းလွှာ၏ အထူမှာ ပုံမှန် ၃၀၀ ဒေါ့ခ်ဆန်ယူနစ် (၃ မီလီမီတာ) ရှိရမည့် အစား ၂၂၀ ဒေါ့ခ်ဆန် ယူနစ်အောက် လျော့နည်းနေကြောင်းကို သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြပါသည်။
အိုဇုန်းလွှာသည် နေရောင်ခြည်တွင် ပါဝင်သည့် ခရမ်းလွန်ရောင်ခြည် သုံးမျိုးအနက် နံနက်ခင်းနေရောင်နု တွင် ပါဝင်သည့် ဗီတာမင်-ဒီ ပါဝင်သော ခရမ်းလွန် ရောင်ခြည် UV-A ကို စုပ်ယူခြင်းမပြုဘဲ လူနှင့် သက်ရှိတို့ကို အန္တရာယ်ဖြစ်စေသည့် ခရမ်းလွန်ရောင်ခြည် UV-B ကို ၉၅ ရာခိုင်နှုန်းနှင့် UV-C ကို ၁၀၀ ရာခိုင်နှုန်း စုပ်ယူပေးသည့် အတွက် အိုဇုန်းလွှာပျက်စီးမှုကြောင့် ခရမ်းလွန်ရောင်ခြည် များကမ္ဘာပေါ်သို့ တိုက်ရိုက်ကျရောက်လာမည်ဖြစ်၍ လူနှင့် သက်ရှိတို့အတွက် ဆိုးကျိုးများစွာ သက်ရောက်စေမည် ဖြစ်ပါသည်။
အိုဇုန်းလွှာပျက်စီးမှု ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ဆောင်ရွက်ချက်များ
အိုဇုန်းလွှာပျက်စီးမှုသည် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စ ဖြစ်သောကြောင့် အိုဇုန်းလွှာပြန်လည်ကောင်းမွန်ရေး အတွက် ကမ္ဘာ့နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်နိုင်ရန် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ၁၉၈၅ ခုနှစ်တွင်လည်းကောင်း၊ အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများ ထိန်းချုပ်ခြင်းဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကို ၁၉၈၇ ခုနှစ်တွင်လည်းကောင်း အတည်ပြုချပ်ဆိုခဲ့ပြီး အိုဇုန်းလွှာ ပျက်စီးစေသည့် ဒြပ်ပစ္စည်းများ သုံးစွဲမှုကို ထိန်းချုပ်ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံသည် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီယယ်နောက်ဆက်တွဲစာချုပ် နှင့်ပြင်ဆင်ချက်များတွင် ပါဝင်လက်မှတ်ရေးထိုးပြီး ကမ္ဘာ့ နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အိုဇုန်း လွှာပျက်စီးစေသော အအေးပေးပစ္စည်းဖြစ်သည့် R-11, R-12, R-13 အပါအဝင် ကလိုရိုဖလူရိုကာဗွန်- CFCs ဒြပ်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းအသုံးပြုခြင်းကို ၂ထဝပြည့် နှစ်ကတည်းက အပြီးသတ်ရပ်ဆိုင်းခဲ့ပြီး ဖြစ်ပါသည်။
ယင်းအပြင် ရေခဲသေတ္တာနှင့် လေအေးပေးစက်များ ပြုပြင်ခြင်းကဏ္ဍတို့၌ လက်ရှိတွင်ကျယ်စွာ အသုံးပြုလျက် ရှိသည့် R-22 အပါအဝင် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်HCFCsများသည်လည်း အိုဇုန်းလွှာပျက်စီးစေသည့် အဓိက ဒြပ်ပစ္စည်းတစ်မျိုးဖြစ်သည့်အတွက် ၂၀၁၅ ခုနှစ်မှစတင်၍ ကန့်သတ်ပမာဏအတိုင်း ခွဲတမ်းစနစ်ဖြင့် တင်သွင်းခွင့် ပြုခြင်းဖြင့် လျှော့ချလျက်ရှိပြီး ၂၀၄၀ ပြည့်နှစ်တွင် အပြီး သတ် ရပ်ဆိုင်းသွားမည်ဖြစ်ပါသည်။
ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်-HCFCsဒြပ်ပစ္စည်းများ တင်သွင်းအသုံးပြုခြင်းနှင့် ဆက်စပ်၍ ယင်းဒြပ်ပစ္စည်း များကိုအသုံးပြုသည့် အများသုံးမြင်းကောင်ရေ ၂ ဒသမ ၅ နှင့်အောက် အင်အားရှိသည့် လေအေးပေးစက်များ ပြည်တွင်းသို့ တင်သွင်းမှုကို ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင် တားမြစ်သည့်အမိန့်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၂၈/ ၂ဝ၂ဝ ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ဤအမိန့်ကြော်ငြာစာအရ ဟိုက်ဒရိုကလိုရိုဖလူရို ကာဗွန် (HCFCs/ R-22) အသုံးပြုသည့် မြင်းကောင်ရေ ၂.၅ နှင့် အောက်အင်အားရှိ လေအေးပေးစက်များကိုသာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပြည်တွင်းသို့ တင်သွင်းခြင်းကို တားမြစ်ကန့်သတ်ခြင်းဖြစ်ပြီး ယင်းနေ့ မတိုင်မီတင်သွင်းထားပြီးဖြစ်သော ဖော်ပြပါ အမျိုးအစား လေအေးပေးစက်များ ရောင်းဝယ်ခြင်း၊ တပ်ဆင်အသုံးပြု ခြင်းတို့ကို ကန့်သတ်ခြင်း မဟုတ်ပါ။ အလားတူ ဟိုက်ဒရို ကလိုရိုဖလူရိုကာဗွန် (HCFCs/R-22) မဟုတ်သည့် အခြား ဒြပ်ပစ္စည်းများ အသုံးပြုသော မြင်းကောင်ရေ ၂ ဒသမ ၅ နှင့်အောက် အင်အားရှိ လေအေးပေးစက်များ တင်သွင်း အသုံးပြုခြင်းတို့နှင့်လည်း လုံးဝသက်ဆိုင်မည် မဟုတ်ပါ။
အအေးပစ္စည်းများနှင့် ရာသီဥတုပြောင်းလဲမှု
အိုဇုန်းလွှာ ပျက်စီးစေသည့် အအေးပေးပစ္စည်းများ သုံးစွဲခြင်းအတွက် အစားထိုးဒြပ်ပစ္စည်းများကို သုံးစွဲရာတွင် R-32, R-134,R- 134a များအပါအဝင် ဟိုက်ဒရိုဖလူရိုကာဗွန်- HFCsဒြပ်ပစ္စည်းများသည် အိုဇုန်းလွှာပျက်စီးမှု မဖြစ်စေသော်လည်း ကမ္ဘာ့ပူနွေးမှုညွှန်းကိန်းမြင့်မားပြီး ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေနိုင်သည့်အတွက် ယင်းဒြပ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကို လျှော့ချဆောင် ရွက်နိုင်ရန် မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် အဖွဲ့ဝင် နိုင်ငံများ၏ (၂၈)ကြိမ်မြောက်အစည်းအဝေး ဆုံးဖြတ်ချက် အရ ကီဂါလီ ပြင်ဆင်ချက်ကို ချမှတ်ခဲ့ပါသည်။
မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်အရ ဖွဲ့စည်း ထားသည့် သိပ္ပံနှင့် သုတေသနပညာရှင်များ ပါဝင်သော | နည်းပညာနှင့် စီးပွားရေးဆိုင်ရာ ဆန်းစစ်မှုအဖွဲ့ (Technology and Economic Assessment PanelTEAP)အပါအဝင် နိုင်ငံတကာနှင့် နိုင်ငံအလိုက် သုတေ သနအဖွဲ့ အစည်းများ၊ နည်းပညာကုမ္ပဏီများ၏ တီထွင် သုတေသနပြုမှုများကြောင့် အိုဇုန်းလွှာပျက်စီးမှုနှင့် ကမ္ဘာ့ပူနွေးမှုမဖြစ်စေသည့် အစားထိုး အအေးပေး ဒြပ်ပစ္စည်းများနှင့်အတူ ယင်းဒြပ်ပစ္စည်းများကို အသုံးပြု ခြင်းဖြင့် စွမ်းအင်သုံးစွဲမှုကိုပါ ချွေတာနိုင်မည့် နည်းပညာ အဆင့်မြင့် ဒြပ်ပစ္စည်းများနှင့် စက်ပစ္စည်းများ အမျိုး အစ ပေါင်းများစွာ ဈေးကွက်များအတွင်း ပေါ်ထွက် လာပြီ ဖြစ်ပါသည်။
ကမ္ဘာ့အအေးပေးပစ္စည်းများနေ့
ကျွန်ုပ်တို့ နေ့စဉ်နေထိုင်မှုအတွက် မရှိမဖြစ် လိုအပ် လာသည့် အအေးပေးပစ္စည်းများကို အိုဇုန်းလွှာနှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ စနစ်တကျ အသုံးပြု နိုင်ရန်နှင့် အအေးပေးပစ္စည်းများ၏ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ကမ္ဘာတစ်ဝန်း အအေးပစ္စည်းလုပ်ငန်းများကို စတင်စေခဲ့သူ အပူ ပြောင်းလဲခြင်းဆိုင်ရာ သာမိုဒိုင်းနမစ်နိယာမကို ဖော်ထုတ်ခဲ့သည့် ဗြိတိသျှ သင်္ချာရူပဗေဒပညာရှင်၊ အင်ဂျင်နီယာ Sir William Thomson, 1st Baron Kelvin (၂၆.၆.၁၈၂၄-၁၇၁၂၁၉၀၇) ကို ဂုဏ်ပြုသည့် အနေဖြင့် ၎င်းမွေးဖွားခဲ့သည့် ဇွန်လ ၂၆ ရက်နေ့ကို နှစ်စဉ် ကမ္ဘာ့အအေးပေးပစ္စည်းနေ့အဖြစ် ၂၀၁၉ ခုနှစ်က စတင် သတ်မှတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် အထိမ်းအမှတ် အခမ်းအနားများ၊ အသိပညာပေးအစီအစဉ်များ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင်လည်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဦးဆောင်၍ ၂၀၁၉ ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ကို Refrigerant for Life ဆောင်ပုဒ်နှင့် အသိပညာပေး နှင့် လူထုအကျိုးပြု လှုံ့ဆော်မှုများဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင် နေ့စဉ်ဘဝ မြင့်မားဖို့ အအေးပေး ပစ္စည်းများကို အကျိုးရှိစွာ သုံးကြစို့ (Cold chain for Life) ဆောင်ပုဒ်ဖြင့် အသိပညာပေးမှုများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
နေ့စဉ်ဘဝမြင့်မားဖို့ အအေးပေးပစ္စည်းများကို အကျိုးရှိစွာ သုံးကြစို့
သိပ္ပံပညာရှင်များနှင့် သုတေသနပညာရှင်များက ကမ္ဘာမြေနှင့် သဟဇာတဖြစ်စေမည့် ထုတ်ကုန်ပစ္စည်း များအတွက် သုတေသနပြု ဖန်တီးနေစဉ်အတွင်း ကျွန်ုပ်တို့အနေဖြင့်လည်း အိုဇုန်းလွှာထိခိုက်မှုမရှိသည့် သဟဇာတဖြစ်သော ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူခြင်း ကဲ့သို့သော မိမိဆောင်ရွက်နိုင်မည့် ကိစ္စများအားလုံးကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ရေခဲသေတ္တာ၊ လေအေးပေးစက်နှင့် အခြားအအေး ပေးပစ္စည်းများဖြစ်သည့် စီးပွားရေးလုပ်ငန်းများ၊ စက်ရုံ အလုပ်ရုံများတွင် အသုံးပြုသည့် အအေးပေးစက်ပစ္စည်း များတွင် အိုဇုန်းလွှာပျက်စီးမှုနှင့် ကမ္ဘာ့ပူနွေးမှုမဖြစ် စေသည့် အာမခံချက်ရှိသော ဟိုက်ဒရိုဖလူရိုကာဗွန် (အရောအနှော) ဒြပ်ပစ္စည်းများ၊ ဟိုက်ဒရိုကာဗွန်၊ အမိုး နီးယားစသည့် ဒြပ်ပစ္စည်းများကို သုံးစွဲခြင်း စွမ်းအင် ကုန်ကျမှုသက်သာသည့် အမှတ်အသားများ ပါရှိသော စက်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူအသုံးပြုခြင်းဖြင့် စွမ်းအင်အသုံးပြုမှု ကုန်ကျစရိတ်ကို လျော့ကျစေမည့် အပြင် နေ့စဉ်သာယာချမ်းမြေ့စွာ နေထိုင်နိုင်ခြင်း၊ အိုဇုန်းလွှာပျက်စီးမှုကို ကာကွယ်ထိန်းချုပ်နိုင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော အနာဂတ်ကမ္ဘာမြေကို ကျွန်ုပ်တို့ကိုယ်တိုင် ဖန်တီးတည်ဆောက်နိုင်ရေးအတွက် ကျွန်ုပ်တို့ တစ်ဦးချင်း၊ တစ်ယောက်ချင်းမှ အစပြု၍ “နေ့စဉ်ဘဝမြင့်မားဖို့ အအေးပေးပစ္စည်းများကို အကျိုး ရှိစွာသုံးကြပါစို့ ”ဟု တိုက်တွန်းဖော်ပြအပ်ပါသည်။ ။


