နေ့စဉ်ဘဝထဲမှာပင် တရားရှာဖွေငြိမ်းအေးစေ…

မောင်မောင်လင်း (သံအမတ်ကြီး) 

လူတွေဟာ နေ့စဉ်နေထိုင်မှုဘဝကို ဖြတ်သန်းရှင်သန်နေထိုင်လျက်နဲ့ပင် မှန်ကန်စွာပြောဆိုခြင်း၊ မှန်ကန်စွာ လုပ်ဆောင်ခြင်းနဲ့ မှန်ကန်စွာ အသက်မွေးဝမ်းကျောင်းပြုခြင်းဆိုတဲ့ မဂ္ဂင်ရှစ်ပါး တရားတော်ထဲမှ သီလမဂ္ဂင်သုံးပါးကို လိုက်နာကျင့်သုံးနိုင်စွမ်း ရှိပါတယ်။

မှန်ကန်စွာ ပြောဆိုခြင်း သမ္မာဝါစာမဂ္ဂင်နဲ့ စပ်လျဉ်းပြီး အရင်ဆောင်းပါးမှာ အကျယ်တဝင့် ရေးသားဖော်ပြခဲ့ပြီးပါပြီ။ ယခုဆောင်းပါးမှာတော့ သူများအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မယ်။ အဲဒီလိုလုပ်ငန်းကို ပြုလုပ်ဖို့ ရွံ့မုန်းခြင်းမျိုးနဲ့ သက်ရှိအားလုံးအပေါ် မေတ္တာအကြင်နာတရားထားမယ်။ သူများမပေးတဲ့ ပစ္စည်းကို ရယူခြင်းမှ ရှောင်ကြဉ်မယ်၊ ကြည်ကြည်ဖြူဖြူနဲ့ ပေးတာကိုသာ နှစ်သက်မယ်၊ အဲဒါနဲ့ပတ်သက်လို့ ရိုးသားဖြောင့်မတ်မယ်။ သူတစ်ပါးသားမယားကို ပြစ်မှားခြင်းဟာ မိမိတို့ရဲ့ လူမှုအသိုက်အဝန်းမှာ ညီညွတ်ရေး ပျက်ပြားစေနိုင်တဲ့ကိစ္စမျိုးဖြစ်လို့ အဲဒီလိုကိစ္စမျိုးကို မပြုလုပ်ဘူး၊ ရှောင်ကြဉ်မယ် စတဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ဖောက်ဖျက်တဲ့ ပြုလုပ်မှု သုံးမျိုးအပေါ် မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းမျိုးဟာ သမ္မာကမ္မာ (Right Action) လို့ခေါ်တဲ့ မဂ္ဂင်ကို ကျင့်သုံးနေတာပဲ ဖြစ်တယ်။ ဒီလိုပုဂ္ဂိုလ်မျိုးရဲ့ သန္တာန်မှာ သမ္မာကမ္မာ မဂ္ဂင် အခြေတည်ထားပြီး တရားအသိဖြင့် နှလုံးသားရဲ့ အေးချမ်းမှုရရှိစေနိုင်မှာ ဖြစ်တယ်လို့ တရားတော်မှာ နာယူရပါတယ်။

တရားတော်မှာ နာယူမှတ်သားခဲ့ရ

ဒါ့အပြင် အသက်မွေးဝမ်းကျောင်းပြုဖို့ နေ့စဉ်လုပ်ကိုင်စားသောက်ချိန်မှာလည်း မှန်ကန်တဲ့ နည်းလမ်းကို ရှာဖွေအသုံးပြုဖို့ လိုအပ်ပါတယ်။ ဝစီဒုစရိုက် လေးမျိုးနဲ့ရှာရင် မိစ္ဆာ အာဇီဝဖြစ်တာပေါ့၊ လိမ်ပြီး ငွေရှာတာမျိုး၊ တစ်ဦးနဲ့တစ်ဦး မတည့်အောင်လုပ်ပြီး ငွေရှာတာမျိုး၊ ရိုင်းပြတဲ့အကျိုးမဲ့တဲ့ စကားပြောပြီး ငွေရှာတာမျိုး စသည်တို့ ဖြစ်ပါတယ်။ ဆရာတော်ကြီးက အခကြေးငွေယူပြီး တရားရုံးမှာ မမှန်မကန် ထွက်ဆိုပေးတာမျိုးလို့ ဥပမာပြခဲ့ပါတယ်။ ဒီနေ့ သတင်းမီဒီယာခေတ်မှာတော့ အဲဒီလို ငွေရှာတဲ့ ကိစ္စရပ်မျိုးကို ဆိုရှယ်မီဒီယာပေါ်မှာတောင် လွယ်လွယ်ကူကူ ကျင့်သုံးနေကြတာကို အားလုံး သိပြီးဖြစ်ကြမှာပါ။ ကာယဒုစရိုက်တွေဖြစ်တဲ့ သူများအသက်ကိုသတ်ပြီး ငွေမရှာဘူး၊ သူများ ပစ္စည်းဥစ္စာကို ခိုးပြီး ငွေမရှာဘူး၊ သူများသားမယား ကိုပြစ်မှားပြီး ငွေရှာတာမဟုတ်ဘူး စတာတွေကို နေ့စဉ် စည်းကမ်းချမှတ် လုပ်ဆောင်နေသူတစ်ဦးဟာ မဂ္ဂင်လမ်းမပေါ်မှာ လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ သီလမဂ္ဂင်ကို ကျင့်သုံးနေတာ ဖြစ်တာနဲ့အညီ နိဗ္ဗာန်ကို သွားနေတာပဲ ဖြစ်တယ်လို့ တရားတော်မှာ နာယူမှတ်သားခဲ့ရပါတယ်။

အသက်မွေးဝမ်းကျောင်းပြုတာနဲ့ စပ်လျဉ်းပြီး လူမှုစိတ်ပညာဘာသာရပ်မှာ လူတစ်ဦးချင်းစီအလိုက် မွေးဖွားချိန်ကတည်းက ပါလာတဲ့ ပင်ကိုဗီဇနဲ့ ကိုယ်ရည်ကိုယ်သွေးကိုလိုက်ပြီး သူနဲ့ကိုက်ညီတဲ့ လုပ်ငန်းနယ်ပယ်မှာ တာဝန်ထမ်းဆောင်ခွင့်ရခဲ့မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်နဲ့လုပ်ငန်း အံဝင်ခွင်ကျ (Person-Job Fit) ဖြစ်နိုင်ပြီး အောင်မြင်တိုးတက်ကြီးပွား စေနိုင်မယ်ဆိုတဲ့သီအိုရီ ရှိပါတယ်။ ဒါကြောင့်လည်း ဝန်ထမ်း ရွေးချယ်ခန့်ထားချိန်မှာ စိတ်ပညာနဲ့ ကိုယ်ရည်ကိုယ်သွေးဆန်းစစ်မှု (Psychometric Test) လုပ်ရတာပေါ့။

နိုင်ငံတကာမှာ လုပ်ရိုးလုပ်စဉ်ကိစ္စရပ်သာဖြစ်

တစ်ခါတစ်ရံ အဆင့်တိုးမြှင့်ပေးရမယ့် အချိန်မျိုးမှာလည်း ထပ်မံဆန်းစစ်တတ်ပါတယ်။ ဒါဟာ နိုင်ငံတကာက လက်ခံကျင့်သုံးလေ့ရှိတဲ့ ပုံစံပဲ ဖြစ်ပါတယ်။ သူတို့ဆီမှာဆိုရင် မိသားစုဆရာဝန်/ ရှေ့နေ ထားရှိသကဲ့သို့ စိတ်ပညာရှင်တွေနဲ့လည်း ဆွေးနွေးတိုင်ပင်မှု လုပ်လေ့ရှိပါတယ်။ နိုင်ငံတကာကနေ ကျောင်းလာတက်သူတွေအတွက် တက္ကသိုလ်တွေမှာ တိုင်ပင်ဆွေးနွေး ရင်ဖွင့်မှုပြုနိုင်ဖို့ စိတ်ပညာရှင် တွေကို ခန့်ပေးထားပါတယ်။ ဒီမှာတော့ စိတ်ကျန်းမာရေးဆိုင်ရာ ဆန်းစစ်မှု လုပ်ခြင်းခံရတာတို့၊ စိတ်ပညာရှင်နဲ့ ဆွေးနွေးရတာတို့ လုပ်ရတော့မယ်ဆိုရင် တွန့်ဆုတ်ဆုတ် ဖြစ်လေ့ရှိပါတယ်။ နိုင်ငံ တကာမှာကတော့ အဲဒါဟာ လုပ်ရိုးလုပ်စဉ်ကိစ္စရပ်သာ ဖြစ်ပါတယ်။

လူတစ်ဦးချင်းစီရဲ့ ပင်ကိုဗီဇနဲ့ အရည်အသွေး Personality ကို ယေဘုယျအားဖြင့် အောက်မှာ ဖော်ပြထားသလို ခွဲခြားဆန်းစစ်ပြီး လူပုဂ္ဂိုလ်နဲ့ လုပ်ငန်းခွင် အံဝင်ခွင်ကျ ဖြစ်မှုအပေါ် ဆန်းစစ် အကြံပြုလေ့ရှိပါတယ်-

(က)    Big Five (ပုံစံကြီးငါးမျိုး)

(၁)     Neuroticism(စိတ်ခံစားတတ်မှု အနည်း/အများ)။ မိမိရဲ့ စိတ်ခံစားရမှုအပေါ် လွယ်လင့်တကူ ထုတ်ဖော်ပြသတတ်သူတွေဖြစ်ပြီး အစိုးရိမ်လွန်တတ်မှု၊ စိတ်လှုပ်ရှား လွယ်တတ်မှုမှသည် အေးဆေးတည်ငြိမ်မှု၊ ချုပ်တည်းထားနိုင်မှုအထိ ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် တော်တော်လေးကွဲပြားမှု ရှိနိုင်ပါတယ်။ အစိုးရိမ်လွန်တတ်သူတွေဟာ ကုန်ပစ္စည်း အရည်အသွေးကို သတ်မှတ်အာမခံရတဲ့ အလုပ်မျိုးနဲ့ သင့်တော်ပြီး အေးဆေးတည်ငြိမ်သူတွေဟာ ခွဲစိတ်ဆရာဝန် အလုပ်မျိုးနဲ့ ကိုက်ညီမှာ ဖြစ်ပါတယ်။

(၂)    Extraversion (စိတ်တက်ကြွတတ်မှု အနည်းအများ)။ စိတ်အားထက်သန်မှု ရှိသူတွေ၊ ဖော်ရွေမှုရှိသူတွေအနေနဲ့ အရောင်းမြှင့်တင်ရေး ကိုယ်စားလှယ်၊ ကျောင်းဆရာ ဆရာမ စတဲ့လုပ်ငန်း နယ်ပယ်မျိုးမှာ အံဝင်ခွင်ကျဖြစ်မှာ ဖြစ်ပါတယ်။ ငြိမ်ကုပ်ကုပ်နေတတ်သူတွေဟာ စာရင်းကိုင်၊ စာရေးဆရာ၊ သိပ္ပံပညာရှင် စတဲ့ အလုပ်မျိုးနဲ့ ကိုက်ညီပါတယ်။

(၃)    Open to new Experience (စူးစမ်း လေ့လာလိုစိတ်ရှိမှု)။ ၎င်းကိုယ်ရည် ကိုယ်သွေးရှိသူများအနေဖြင့် ဗိသုကာ၊ တီထွင်ဆန်းသစ်ဖန်တီးမှု ဆက်နွှယ်တဲ့ လုပ်ငန်းတွေ။ အထက်ပါ ကိုယ်ရည် ကိုယ်သွေးမှာ အားနည်းတဲ့ ရိုသေကျိုးနွံစွာ နေတတ်သူတွေအနေနဲ့ ရုံးဝန်ထမ်း၊ သံစုံတီးဝိုင်းခေါင်းဆောင်၊ ပစ္စည်းတပ်ဆင်တဲ့လိုင်း စတဲ့ အလုပ်အကိုင်တွေမှာ အံဝင်မှုရှိပါတယ်။

(၄)    Agreeableness (သဘောကောင်းမှု)။ ၎င်းကိုယ်ရည်ကိုယ်သွေး ရှိသူတွေသည် စိတ်ကောင်းရှိပြီး ယုံကြည်ကိုးစားရသူ တွေ ဖြစ်တာနဲ့အညီ ဖောက်သည် အပေါ်ထပ်ပိုး ဝန်ဆောင်မှုပေးရတဲ့ အလုပ်မျိုး၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့ကုမ္ပဏီရဲ့ ဝန်ထမ်းနေရာမျိုးနဲ့ ကိုက်ညီပြီး ၎င်းကိုယ်ရည်ကိုယ်သွေး နည်းပါးသူတွေအနေနဲ့လည်း ရဲတပ်ဖွဲ့ဝင်၊ စုံစမ်းစစ်ဆေးရေးမှူး၊ အာမခံ လျော်ကြေးပေးလျော်ရမှုအပေါ် စစ်ဆေးကြပ်မတ်ရသူမျိုးအတွက် သင့်တော်ပါတယ်။

(၅)    Conscientiousness (ပင်ကိုစည်းကမ်း ထိန်းသိမ်းမှု)။ ၎င်းကိုယ်ရည်ကိုယ်သွေး မြင့်မားသူတွေအနေနဲ့ စည်းစနစ်တကျ လုပ်ဆောင်တတ်သူတွေ ဖြစ်ကြပြီး၊ လေသူရဲအနေနဲ့ အသက်မွေးဝမ်းကျောင်းပြုသင့်ပြီး အထက်ပါ ကိုယ်ရည်ကိုယ်သွေးမျိုး နိမ့်ပါးသူတွေအနေနဲ့လည်း အရေးပေါ် ကိစ္စတွေမှာ ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်ပါက သင့်တော်ပါတယ်။

(ခ) Positive & Negative Affectivity (အပေါင်း လက္ခဏာ သို့ အနုတ်လက္ခဏာဆန်သောခံစားမှု)။

တစ်ဦးတစ်ယောက်ချင်းဟာ ခံစားမှုတစ်ခုအပေါ် တုံ့ပြန်ပုံတူညီမှု မရှိနိုင်ပါ။ ဥပမာအနေနဲ့ ပျော်စရာကိစ္စအပေါ် ဟက်ဟက်ပက်ပက်ရယ်လား၊ ပြုံးရုံလေးလားဆိုတာ အပေါင်းလက္ခဏာနဲ့ ဆက်စပ်ပြီး တုံ့ပြန်ပုံအနည်းအများ ခွဲခြားရသကဲ့သို့ ထိတ်လန့်စရာကဲ့သို့သော အနုတ်လက္ခဏာ ဆောင်တဲ့ ခံစားမှုအပေါ် တုံ့ပြန်ရာမှာလည်း ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေလား၊ တည်တည် ငြိမ်ငြိမ်ပဲလား စသည်ဖြင့် လေ့လာရပါတယ်။ အပေါင်းလက္ခဏာခံစားမှုမှာ တုံ့ပြန်မှုမြင့်မား သူတွေဟာ အနုတ်လက္ခဏာခံစားမှုမှာ တုံ့ပြန်မှု မြင့်မားသူတွေထက် ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့ အခါ ပိုတော်ပြီး ပိုမိုထိရောက်စွာ အလုပ်လုပ်နိုင်စွမ်း လည်းရှိပါတယ်။ အနုတ်လက္ခဏာ ခံစားမှုအပေါ် တုံ့ပြန်မှုမြင့်မားသူတွေဟာ လုပ်ငန်းခွင်အတွင်း နှိပ်ကွပ်ခံရတာမျိုးနဲ့ ကြုံတွေ့ရဖွယ် ရှိပါတယ်။

(ဂ) Type A vs Type B (ပုံစံ A နဲ့ B)။

ပုံစံ A သမားတွေဟာ ပြိုင်ဆိုင် အနိုင်ယူလိုစိတ်များတယ်။ စည်းစနစ်ကြီးတယ်။ ရည်မှန်းချက်ကြီးတဲ့ အပြင် အချိန်ကို အကျိုးရှိစွာ ခွဲဝေအသုံးချတတ်သလို နှလုံးရောဂါဖြစ်နိုင်ခြေများပြီး အလုပ်နဲ့ ဆက်နွှယ်တဲ့သောကလည်း ပိုရတတ်ပါတယ်။ ပုံစံ B သမားတွေကတော့ ပေါ့ပေါ့ပါးပါးနေတတ် သလိုအလုပ်ရဲ့ဖိအားဒဏ် နည်းအောင်ဖန်တီးပြီး နေတတ်တယ်။ အရှုံးအနိုင်ထက် ယှဉ်ပြိုင်နိုင်ရေး အပေါ် ဦးစားပေးတတ်တယ်။ ယောဂသရုပ်ပြ၊ အများပြည်သူနဲ့ ထိတွေ့ဆက်ဆံမှုပြုရတဲ့လုပ်ငန်း မျိုးတွေနဲ့ သင့်တော်ပါတယ်။

(ဃ) Machivellianism (ရှစ်စပ်က ဂျင်ခြေ လည်သူ)။

တစ်ဘို့တည်းသမား၊ ဖျံကျတတ်သူများ၊ ကိုယ့်အကျိုးအတွက် လိမ်ဖို့ဝန်မလေးသူ၊ စာနာစိတ် နည်းသူတွေ ဖြစ်တာနဲ့အညီ အသင်းအဖွဲ့နဲ့ လုပ်ဆောင်တာမျိုးထက် တစ်ကိုယ်တော် လုပ်ရတာ မျိုးကို ပိုနှစ်သက်တတ်ကြတယ်။ ယှဉ်ပြိုင်လိုစိတ်နဲ့ ရယူလိုစိတ်လည်း ကြီးမားတတ်တယ်။ အကြမ်းဖက်သမားတွေနဲ့ စေ့စပ်ဆွေးနွေးဖို့ တာဝန်ယူကြရတဲ့လူမျိုးတွေကို ဟောလီးဝုဒ်ရုပ်ရှင်ထဲမှာ ကြည့်ဖူးမှာပေါ့။ အလုပ်ခွင်ထဲမှာ ဒီလိုပုဂ္ဂိလ်တွေ တွေ့ခဲ့ရင် သူတို့နဲ့ ဆန့်ကျင်ဘက်မှာ မနေပါနဲ့။ ဖြစ်နိုင်ရင် ကိုယ့်ဘက်မှာပါအောင် သိမ်းသွင်းထားသင့်ပါတယ်။

(င) Achievement Motivation-AM (ရလဒ် ကောင်းအောင် နှိုးဆော်ပေးမှု)။ 
အကောင်းဆုံးဖြစ်လိုမှု၊ အာဏာပါဝါရလိုမှုနဲ့ လူကြိုက်များလိုမှုဆိုတဲ့ သုံးမျိုးရှိလာတယ်။ အဲဒီသုံးမျိုးအပေါ် အလွန်လိုလားမှု၊ အလယ်အလတ်လောက်နဲ့ကျေနပ်မှု၊ ရောင့်ရဲနည်းပါးမှုဆိုတဲ့ အဆင့်သုံးဆင့် ခွဲခြားဆန်းစစ်ကြည့်ရင် AM မြင့်သူတွေဟာ ခက်ခဲတဲ့ အလုပ်မျိုးတွေကိုပဲ လုပ်လိုတယ်။ လွယ်ကူတဲ့ကိစ္စမျိုး တာဝန်ပေးခဲ့ရင် မလုပ်လိုဘူး။ အလယ်အလတ်နဲ့ နည်းပါးသူ တွေကတော့ ပေါပေါ့ပါးပါး လုပ်ရတဲ့ အလုပ်မျိုးသာ ထမ်းဆောင်လိုတယ်။ ခက်ခဲတာမျိုး တာဝန်ယူရရင်လည်း လုပ်နိုင်တာတောင်မှ တွန်းတွန်းတိုက်တိုက်တော့ လုပ်မှာမဟုတ်။ AM မြင့်သူတွေဟာ ထမ်းဆောင်အောင်မြင်ခဲ့တဲ့ လုပ်ဆောင်မှု အပေါ်မှာလည်း အသိအမှတ်ပြုတာ အလွန်လိုလားတယ်။ ဒါကြောင့် လုပ်ငန်းစွမ်းဆောင်ရည် အလိုက် ချီးမြှင့်မှုမျိုးနဲ့ သူတို့ရဲ့ လုပ်ကိုင်လိုစိတ်ကို ပိုမိုနှိုးဆွပေးရမယ်။ အဲဒီအရည်အသွေးရှိသူတွေဟာ အလယ်အလတ်နဲ့ အောက်ခြေအဆင့် ရာထူး နေရာမျိုးမှာ တစ်ဆင့်မြင့် ရာထူးတိုးပေး ခံရတာမျိုးအပါအဝင် ရာထူးအတက် မြန်နိုင်တယ်။ ဒါပေမယ့် ထိပ်ပိုင်းရာထူးနေရာတွေမှာ တာဝန်ထမ်းဆောင်ရတဲ့အခါမှာတော့ လက်အောက်ကို အာဏာခွဲဝေ မပေးလိုမှု၊ မိမိလုပ်နိုင်စွမ်းမရှိတော့မှန်း သိနေရက်နဲ့ အခြားသူတစ်ဦးဦးထံ လွှဲအပ်ပေးလို စိတ် မရှိမှုမျိုးကြောင့် အခန့်မသင့်ရင် အောင်မြင်မှု မရတော့တဲ့ အခြေအနေမျိုး တွေ့ကြုံရတတ်ပါတယ်။

(စ) Morning vs Evening People (နေ့လူနဲ့ ညလူ)။

အချို့ပုဂ္ဂိုလ်တွေဟာ နေ့ပိုင်းမှာထက် ညဘက်အချိန်မျိုးမှာမှ ဇီးကွက်တွေလို စွမ်းဆောင်ရည် ပိုမိုမြင့်မားတတ်ကြပါတယ်။ နေ့ခင်းဘက်မှာ အနားယူလိုက်ပြီး ညဘက်ရောက်မှ စာလေ့လာရင် ပိုပြီးကျက်မှတ်အားကောင်းတာမျိုး သတိထားမိမှာပါ။

အထက်မှာဖော်ပြခဲ့တဲ့ Personality တွေအပေါ်လိုက်ပြီး တစ်ဦးချင်းစီနဲ့ သင့်တော်ကိုက်ညီတဲ့ အလုပ်မျိုးကို အသက်မွေးဝမ်းကျောင်းပြုခွင့်ရရင် Person-Job Fits ဖြစ်ပြီး ပိုအောင်မြင်မှု ရရှိနိုင် ကြောင်း သုတေသနတွေ့ရှိမှုတွေ ရှိပါတယ်။ ဒါပေမယ့် လူဟာ မွေးရာပါ ပင်ကိုကိုယ်ရည် ကိုယ်သွေးကို ဘဝတစ်လျှောက် ဖြတ်သန်းစဉ် သင်ကြားသင်ယူခဲ့မှုတွေအရ စိတ်ပိုင်းနဲ့ ရုပ်ပိုင်း၊ အရည်အချင်းနဲ့ ကျွမ်းကျင်မှုတိုးပွားလာခြင်းဖြင့် သူ့ရဲ့အပြုအမူပြောင်းလဲမှု ရှိလာနိုင်တယ်လို့ ယခုနောက်ပိုင်း ဖော်ထုတ်တွေ့ရှိချက်တွေအရ သိရှိလာပြီး လူတွေရဲ့အပြုအမူအပေါ် သိပ္ပံနည်းကျ လေ့လာသင်ယူတဲ့ Behavior Science ဟူသော ဘာသာရပ် ခေတ်စားလာခဲ့ပါတယ်။

မွေးရာပါသဘာဝ Nature ကို ပြောင်းလဲဖို့ခက်တာ မှန်ပေမယ့်လည်း ဘဝတစ်လျှောက်လုံးရဲ့ လေ့ကျင့်သင်ယူလေ့လာခဲ့မှု (Training/Education/Learning)တွေနဲ့ ခွန်အားဖြည့်မှု (Nurture) ဖြစ်လာနိုင်ခဲ့ရင် သူ့ရဲ့ Behavior ကို ပြောင်းလဲပေးနိုင်စွမ်းရှိတယ်လို့ ဖော်ထုတ်တွေ့ရှိလာခဲ့ပါတယ်။

ကျွမ်းကျင်၊ သိရှိ၊ လိုက်နာဆိုတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်မှု Skill Knowledge Attitude (SKA) Approach ဖြစ်ပြီး Attitude မှာ ကိစ္စဖြစ်ရပ်တစ်ခုအပေါ် လူတစ်ဦးချင်းအလိုက် Evaluative (ခေါ်) သူဘာကို ခံစားဆင်ခြင်သလဲ၊ Cognitive (ခေါ်) သူ ဘယ်လိုလက်ခံယုံကြည်လိုက်ပြီးနောက် Behavior (ခေါ်) ဘယ်လိုတုံ့ပြန်ပြုမူလိုက်လဲဆိုတဲ့ အဆင့်သုံးဆင့် ဖြစ်ပေါ်လာကြောင်း ဖော်ထုတ်တွေ့ရှိရပါတယ်။ များသောအားဖြင့် လူတစ်ဦးချင်းစီတိုင်းဟာ ကိစ္စတစ်ရပ်ကို ပြောဆိုလုပ်ကိုင် တုံ့ပြန်ရတော့မယ် ဆိုပါက "Think ၊ Feel and How I might Act" ဒါမှမဟုတ် "I may not act that way" စသည်ဖြင့် စဉ်းစားဆင်ခြင်ပြီးမှ ပြုမူတဲ့ Behavioral Process (အပြုအမူဆိုင်ရာလုပ်ငန်းစဉ်)ရှိနေကြောင်း၊ အသိနဲ့ သတိကပ်နေကြောင်း ဖော်ထုတ်တွေ့ရှိထားပါတယ်။

ဒါကြောင့်မို့ အသိဉာဏ်ဆိုင်ရာ အရည်အချင်းတွေ (Abilities)နဲ့ ကျွမ်းကျင်မှု (Skills) အောက်မှာ အသိဉာဏ်ပိုင်းဆိုင်ရာ အရည်အချင်း (Intellectual Abilities)ပါဝင်ပြီး အဲဒီအောက်မှာ Cognitive Intelligence (စာသင်/ စာဖတ်ရာကရတဲ့အသိပညာ)၊ Practical Intelligence (လက်တွေ့နယ်ပယ်က ရတဲ့အသိပညာ)နဲ့ Emotional Intelligence (ခံစားမှုနယ်ပယ်ဆိုင်ရာ အသိပညာ) ပါဝင်တယ်။ ပြီးရင် Physical Abilities (ရုပ်ပိုင်းဆိုင်ရာ အရည်အချင်း) လည်းရှိတော့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်း နှစ်ရပ်လုံးမှာ အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝအောင် ဖြည့်ဆည်းရယူနိုင်စွမ်းရှိပါတယ်။

နောက်တစ်ချက်က Social Skills လို့ခေါ်တဲ့ လူမှုဆက်ဆံရေးနယ်ပယ်ဆိုင်ရာ ကျွမ်းကျင် တတ်မြောက်လာခဲ့မှုနဲ့ ပေါင်းစပ်အသုံးချနိုင်ခဲ့ရင် လူပုဂ္ဂိုလ်တစ်ဦးဟာ ကိစ္စတစ်ရပ်နဲ့ ကြုံပါက ဘယ်လိုပြောဆို၊ ပြုမူ၊ လုပ်ကိုင်သင့်လဲဆိုတဲ့အပေါ် အကောင်းဆုံး၊ အသင့်တော်ဆုံးကို ရွေးချယ်လုပ်ကိုင်နိုင်စွမ်းရှိမယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

လူတွေဟာ ပင်ကိုဗီဇသာမက ဘဝခရီးမှာ ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်ကြောင့် အပြုအမူ ပြောင်းလဲမှုရှိနိုင်ကြောင်းကို လူဆိုးလူမိုက်တို့ လက်ထဲရောက်ရှိသွားတဲ့သူနဲ့ ရသေ့ရဟန်းတို့ရဲ့ ကျောင်းသင်္ခမ်းမှာ ကြီးပြင်းခွင့်ရခဲ့တဲ့သူနှစ်ဦး ကွဲပြားခြားနားသွားခဲ့မှုအပေါ် ကျေးညီနောင်ပုံပြင် ကနေ သင်ခန်းစာရယူနိုင်ပါတယ်။

"It takes a village to raise a child" (ကလေးတစ်ယောက် ပျိုးထောင်ရေးဟာ တစ်ရွာ လုံးနဲ့သက်ဆိုင်တယ်)ဆိုတဲ့ အာဖရိကစကားပုံလည်း ရှိပါတယ်။ လူတွေဟာ ဘယ်လို ပင်ကိုဗီဇအရည် အသွေးမျိုးနဲ့ မွေးဖွားလာခဲ့ပါစေ လူမှုအသိုင်း အဝိုင်းကောင်း တစ်ခုအတွင်းမှာ ကောင်းမွန်မှန်ကန်စွာနဲ့ သင်ယူလေ့လာဆည်းပူးခဲ့မယ်။ အဲဒီအပေါ်မှာလည်း မိမိကိုယ်တိုင်ရဲ့ ဆင်ခြင်စဉ်းစား နိုင်စွမ်းကိုပါ မှန်မှန်ကန်ကန်အသုံးချပြီး သီလမဂ္ဂင် ကို လိုက်နာကျင့်သုံးပြုမူ နေထိုင်သွားမယ်ဆိုရင် နေ့စဉ်ဘဝကို ငြိမ်းအေးတဲ့စိတ်နဲ့ ဖြတ်သန်းနိုင်ရုံမျှမက နိဗ္ဗာန်သို့ သွားရောက်လျက်ရှိတဲ့ လမ်းကြောင်းမှန်ပေါ်မှာလည်း ရှိနေမှာ ဖြစ်ပါကြောင်း...။ ။