၃ မေ
ယနေ့ နံနက်(၇:ဝ၀)နာရီအချိန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် (ဝ၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm)"ဖန်နီ" (FANI)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့(Puri)၏ တောင်-အနောက်တောင်ဘက် မိုင်(၈၀)ခန့်၊ ဗီဇာကာပတ္တနမ်မြို့ (Vishakhapa-tnam)၏ အရှေ့-အရှေ့မြောက်ဘက် (၁၂၅)မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်-အနောက်တောင်ဘက် မိုင် (၂၂၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ 


အဆိုပါအလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း "ဖန်နီ"(FANI)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။


ယနေ့ညနေအထိခန့်မှန်းချက်မှာ နေပြည်တော်တွင် နေရာကွက်ကျား၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

နေပြည်တော်၊ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင် ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။