နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

 

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင်အများအားဖြင့် သာယာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ ညအပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ဒီဇင်ဘာလ၏ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာဟားခါးမြို့နှင့် တီးတိန်မြို့တို့တွင် (၅)ဒီဂရီစင်တီဂရိတ်စီ၊ ကျောက်မဲမြို့နှင့် ဟဲဟိုးမြို့တို့တွင် (၇)ဒီဂရီစင်တီဂရိတ်စီနှင့် နမ့်စန်မြို့၊ မိုင်းယန်းမြို့၊ ပြင်ဦးလွင်မြို့နှင့် မိုးကုတ်မြို့တို့တွင် (၈)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကွမ်းခြံကုန်းမြို့တွင် (၁.၂၆)လက်မ၊ ကော့သောင်းမြို့တွင် (၀.၇၁)လက်မ၊ ပဲခူးမြို့တွင် (၀.၂၇) လက်မနှင့် မြိတ်မြို့တွင် (၀.၂၄)လက်မတို့ ဖြစ်ကြပါသည်။

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ် နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)“မန်းဒပ်(စ်) (MANDOUS)” သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း(အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းကမ်းလွန်-ပူဒူချယ်ရီကမ်းခြေ)တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မန်းဒပ်(စ်)(MANDOUS)” အဖြစ်သို့ အားလျော့သွားခဲ့ကာ၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (CocoIsland)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၇၃၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၈၁၅)မိုင်ခန့်၊သီရိလင်္ကာနိုင်ငံ၊ ဂျက်ဖ်နာမြို့(Jaffna)၏ အရှေ့မြောက်ဘက် ရေမိုင်(၁၁၅)မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ချင်းနိုင်မြို့(Chennai)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၁၂၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် အများအားဖြင့်သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

 

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။

 

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

 

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

 

လာမည့်စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်။ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ရန်ကုန်တိုင်းဒေသကြီးတွင်နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပါသည်။

 

Credit> မိုး/ဇလ