မကွေး  ၁၈ ဇန်နဝါရီ


မကွေးမြို့ နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်း၏ (၁၇) ကြိမ်မြောက် ဆွမ်းဆန်တော်နှင့် ဆွမ်းစရိတ်အလှူခံ မဟာကုသိုလ်တော်လုပ်ငန်းအတွက် မြို့လုံးကျွတ်ကျောင်းထိုင်ဆရာတော်များ စုံညီအစည်းအဝေးကို ဇန်နဝါရီ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့ နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။                     
                  

အခမ်းအနားတွင် အသင်းသြဝါဒစရိယ ရာဇမုနိဆရာတော်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသင်းသြဝါဒစရိယ သာသနာ့ သိပ္ပံဆရာတော်ကြီးမှ မြို့လုံးကျွတ် ဆွမ်းဆန်တော်အလှူခံမှုနှင့် ပတ်သက်၍ ကျောင်းတိုက်အသီးသီးမှ ကြွရောက်လာကြသော ဆရာတော်များအား သာသနိယကထာ မြွတ်ကြားခြင်း၊ ဆွမ်းလောင်းအသင်း တွဲဘက်-အတွင်းရေးမှူး ဦးခင်မောင်ကြူမှ မြို့လုံးကျွတ်ဆွမ်းဆန်တော်နှင့် ဆွမ်းစရိတ် အလှူတော်ခံရေးအဓိကထား၍ အသင်းကိစ္စ အရပ်ရပ်နှင့်စပ်လျဉ်း၍ လျှောက်ထားခြင်းများ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သိရသည်။               
          

မကွေးမြို့ နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်း၏ (၁၇)ကြိမ်မြောက် ဆွမ်းဆန်တော်နှင့် ဆွမ်းစရိတ်အလှူခံ မဟာကုသိုလ်တော်လုပ်ငန်းကို  မြို့လုံးကျွတ် သံဃာတော်များကိုယ်စားပြု သံဃာတော်(၁၀၈)ပါးဦးစီး၍ ဆွမ်းလောင်းအသင်းအဖွဲ့များ၊ ရပ်ကွက်အသီးသီးမှ ဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဘာသာရေးစိတ်ဝင်စားသူများ၊ မျိုးဆက်သစ် လူငယ်များပူးပေါင်းပြီး ပြာသိုလပြည့်နေ့မှ ပြာသိုလပြည့်ကျော်(၈)ရက်နေ့အထိ (၉)ရက်တိုင်တိုင်  နေ့အလိုက် အလှူခံထွက်မည့် ရပ်ကွက်များသတ်မှတ်ပြီး  စီတန်းလှည့်လည်ကာ အလှူခံထွက်သွားမည် ဖြစ်ကြောင်း သိရသည်။


"ပြီးခဲ့သည့် (၁၆)ကြိမ်မြောက် ဆွမ်းဆန်တော်နှင့် ဆွမ်းစရိတ်အလှူတော်ငွေရရှိမှုမှာ ဆွမ်းဆန်(၇၈၅)အိတ်၊ စားသုံးဆီ ၄၄၅ ပိဿာ ၂၅ ကျပ်သား၊ ဆွမ်းစရိတ်ငွေ ၂၈၀၅၇၂၀ဝ ကျပ် ရရှိခဲ့ပြီး လက်ရှိ ဆွမ်းလောင်းအသင်း နိဗဒ္ဓအလှူတော် ငွေသိန်း ပေါင်း ၁၂၀ဝ၀ ရှိပါတယ် နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်းကို  ဖွဲ့စည်းခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ ကျွန်တော်တို့ ဆွမ်းလောင်းအသင်းကြီးက စတင်ဖွဲ့စည်းချိန်မှ လက်ရှိမကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၉၄ ကျောင်းမှ သံဃာတော် ၁၉၈၉ ပါးအား နေ့စဉ်ရက်မပြတ် အာရုံဆွမ်းလောင်းလှူလျှက်ရှိပါတယ်" ဟု ဆွမ်းလောင်းအသင်းဒုဥက္ကဋ္ဌ ဦးခင်မောင်စန်း မှ ပြောပြသည်။ 


ကျော်ဇေယျ