မကွေး  ၂၉  ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံမှ မန်းချောင်းတမံဆည်ရေသောက် ဧရိယာအတွင်းရှိ ၂၀၁၉-၂၀၂၀ ခုနှစ် နွေစပါး၊ နွေသီးနှံစိုက်ပျိုးရန်နှင့် မန်းရွှေစက်တော်ဘုရား မန်းချောင်းသာယာလှပရေးအတွက် ရေပေးဝေရန် ဆောင်ရွက်လျက်ရှိသည်။

 

မန်းချောင်းရေလှောင်တမံ ရေသောက်ဧရိယာတွင် နွေစပါး ၁၅၆၀ ဧကနှင့် နွေနှမ်း ၁၂၅ ဧက စိုက်ပျိုးရန်လျာထားပြီး မန်းချောင်းရေလှောင်တမံမှတစ်ဆင့် မင်းဘူး(စကု)မြို့နယ် အိုင်းမရေလွဲဆည်သို့ ရေကူပေးဝေကာ အိုင်းမဆည်ရေသောက် ဧရိယာအတွင်း နွေနှမ်း ၁၇၀၀၀ ဧကစိုက်ပျိုးရန် လျာထားကြောင်း မင်းဘူးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ(မြို့ပြ) ဦးမြတ်ဇော်သိန်းက ပြောသည်။

 

ထို့ပြင် မန်းရွှေစက်တော်ဘုရားပွဲတော်လာ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ရေ၊ မြေ၊ တောတောင် သဘာဝအလှတရားများ အပန်းဖြေအနားယူနိုင်ရန် မန်းချောင်းရေကို သာယာလှပစွာ စီးဆင်းစေရန်အတွက် မန်းချောင်းရေလှောင်တမံမှ ထိန်းညှိဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၁၉-၂၀၂၀ ခုနှစ် နွေစပါးနှင့် နွေသီးနှံများ စိုက်ပျိုးရေပြည့်ဝစွာ ရရှိနိုင်ရေး၊ ဆည်ရေစနစ်တကျ စီမံခန့်ခွဲသုံးစွဲနိုင်ရေး၊ လက်တွေ့ကျကျ စီမံဆောင်ရွက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လျာထားချက်ပြည့်မီအောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မန်းရွှေစက်တော် ဘုရားပွဲတော်အတွက် မန်းချောင်းရေလှောင်တမံမှ ဇန်နဝါရီ ၂၇ ရက်မှစ၍ ရေစတင်ချပေးပြီး နွေစပါးစိုက် ဧရိယာများအတွက် ဖေဖော်ဝါရီ ၁၅ ရက်တွင်လည်းကောင်း၊ အိုင်းမရေလွှဲဆည်နှင့် ရင်းရှည်ရေလှောင်တမံမှ နွေနှမ်းစိုက် ဧရိယာများအတွက် မတ် ၁ ရက်တွင်လည်းကောင်း ရေစတင်ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)