ပွင့်ဖြူ ၃ မေ      

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၀ ခုနှစ်၊ နွေစပါးသီးနှံ စိုက်ပျိုးရာသီကာလ ဒေသခံတောင်သူများ အချိန်မီ သီးနှံစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေ အပြည့်အဝ ရရှိစေရန် ရည်ရွယ်၍ မေ ၁ ရက်မှ စတင်ကာ အိုင်းမဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးရေပို့လွှတ်သော ကုလားဟောင်း လက်တံမြောင်းအား ရေစီးရေလာ ကောင်းမွန်ရေး စက်ယန္တရားဖြင့် ပြန်လည်ပြုပြင်တူးဖော် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများအား နွေစပါး၊ မိုးစပါး၊ ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် သီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်ရေဖြင့် တောင်မုန်းမြောင်းမကြီးနှင့် မြောင်းမုန်းမြောင်းမကြီးတို့မှ တစ်ဆင့် ရေလက်တံမြောင်းများအား စိုက်ပျိုးရေ ဖြန့်ဝေပေးလျက် ရှိသည့်အပြင် မင်းဘူး (စကု) မြို့နယ် အိုင်းမရေလွှဲဆည်နှင့် စလင်းမြို့နယ် လင်းဇင်းရေလွှဲဆည်တို့မှလည်း စိုက်ပျိုးရေများ ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

 

mdn

 

ယခုအချိန်သည် မြို့နယ်အတွင်းရှိ တောင်သူများ နွေသီးနှံ စိုက်ပျိုးရာသီကာလ ဖြစ်သည့်အတွက် စိုက်ပျိုးရေ အပြည့်အဝရရှိရေး အလေးထား ဆောင်ရွက်လျက်ရှိရာ ရေပေးဝေသည့် လက်တံမြောင်းများ ကောင်းမွန်ရေး စုပေါင်းရှင်းလင်းခြင်းကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်ဇော်သိန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယနေ့ နံနက်ပိုင်းတွင် ဒေသခံတောင်သူများ စိုက်ပျိုးရေ အပြည့်အဝ ရရှိစေရေးအတွက် အိုင်းမဆည်မှ စိုက်ပျိုးရေများ ပို့လွှတ်သော ကုလားဟောင်း လက်တံမြောင်း ပေတိုင်အမှတ်  ၄၂  မှ ၆၄ အထိ ရေစီးရေလာ ကောင်းစေရန် ရေမြောင်းအတွင်း နုန်းမြေများဆယ်ယူရှင်းလင်းခြင်းနှင့် မြောင်းတာဘောင် ပျက်စီးနေမှုတို့အား စက်ယန္တရားများဖြင့်  ပြုပြင်ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးမြတ်ဇော်သိန်း ထံမှ သိရသည်။            

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၁၉ - ၂၀၂၀ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးစိုက်ပျိုးဧက ၁၄၃၈၀ ဧက နှင့် နွေနှမ်းစိုက်ပျိုးဧက ၄၀၀၇၇ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရကာ လျာထားသီးနှံစိုက်ဧက ပြည့်မီရေးအတွက် ကျေးရွာများရှိ တောင်သူများက အလေးထား စိုက်ပျိုး ဆောင်ရွက်နေကြကြောင်း သိရသည်။

 

ရဲဝင်းနိုင် ( ညောင်ဦး )

 

mdn