ရေတာရှည်   ၉  မတ်

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာဆည်တမံမှ ၂၀၁၉-၂၀၂၀ နွေစပါးစိုက်ပျိုးရာသီ အတွက် စိုက်ပျိုးဧက ၈၀ဝဝ ကို လျာထားခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့တွင် စတင်ရေများ စတင်ပေးဝေခဲ့သည်။

 

ယခုအချိန်တွင် ရေပေးဝေသည့် ကာလအနေဖြင့် သုံးလကြာမြင့်ခဲ့ပြီဖြစ်ရာ ဆည်အတွင်း ရေလက်ကျန် နည်းပါး လာသည်နှင့်အမျှ ရေပေးဝေနိုင်မှု လျှော့ကျသွားခဲ့ရာ အနှံထွက်လုဆဲဆဲ စပါးခင်းများအတွက် အောင်ရေအလုံအလောက် မရရှိမည်ကို တောင်သူများက စိုးရိမ်မှုများ ရှိနေခြင်းဖြစ်သည်။

 

“ရေက အောင်ရေအတွက် အတော်များများနဲသွားတဲ့အခါကျတော့ စပါးပင်တွေသန်မာအောင် ဓာတ်မြေပိုကျွေးပြီးတော့ ထိန်းထားရတယ်။ နောက်ထပ် နှစ်ပတ်လောက်ရေပြည့်ပြည့်ဝဝ ပေးနိုင်ရင်တော့ အဆင်ပြေပါတယ်” ဟု ဆွာမင်းလမ်း ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၆၂၂ တွင်စပါးစိုက်ထားသည့် တောင်သူ ဦးဇော်မိုးအောင်က ပြောသည်။

 

နေ့အပူရှိန်မြင့်တက်လာခြင်းကြောင့် စပါးစိုက်ခင်းများ ရေခန်းခြောက်လွယ်သည်ဖြစ်ရာ အလှည့်ကျ စနစ်ဖြင့် ရေပေးဝေရာ၌ ရေတံခါးများနှင့် ရေသွင်းပြွန်များကို သော့ခတ်ထားခြင်းများအား ဖျက်ဆီးခြင်း၊ ရေလွှတ်ထားသည့် ရေတံခါးအောင်ခြေတွင် အိတ်များဖြင့် ပိတ်ဆို့ခြင်းတို့ကြောင့် ရေပေးဝေသည့်အခါ လိုရာမရောက် ဖြစ်နေသည့်ကိုလည်း နေ့စဉ်လိုလိုတွေ့ရှိနေရသည်။

 

“ဆည်ရေ ကတော့ လက်ကျန်ရေက နည်းသွားပြီ။ မတ်လကုန်ထိ ပေးနိုင်မယ်လို့ ခန့်မှန်းထားတယ်။ အကယ်၍ ရေမလုံလောက်ရင် ရေအရင်းမြစ်ဦးစီးဌာနက စက်ကြီးတွေနဲ့ လိုအပ်သလို မောင်းထည့်ဖို့တော့ ကြိုတင်တိုင်ပင် ထားတာရှိပါတယ်”ဟု  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၆)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတိုးလင်းကပြောသည်။

 

တောင်သူများအနေဖြင့် အထွက်နှုန်းကောင်းမွန်သော နွေစပါးကို သွင်းအားစု ကုန်ကျစရိတ်များစွာဖြင့် စိုက်ပျိုးထားကြခြင်းဖြစ်ရာ စပါးခင်းများ အောင်မြင်မှုမရှိပါက ကုန်ကျစရိတ်များ ဆုံးရှုံးရမည့်အပြင် ဓာတ်မြေ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် လုပ်သားငှားရမ်းစရိတ်တို့ အတွက် အကြွေးများပေးဆပ်ရန် အခက်အခဲများစွာ ကြုံတွေ့ကြရမည်ဖြစ်သည်။

 

ကိုလွင်(ဆွာ)