ရန်ကုန်၊ ၈ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေစပါးစိုက်ပျိုးမှုအတွက် ဥက္ကံမြို့အရှေ့ဘက်ရှိ တဘူးလှဆည်မှ ရေသွယ်မြောင်းများဖြင့် ရေပေးဝေလျက်ရှိရာ ယခုနှစ် နွေးစပါးဧက ၂၆၀၀၀ ကျော်အတွက် ရေပေးဝေလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် တဘူးလှဆည်မှာ လယ်ယာစိုက်ပျိုးရေးအတွက် အထူးအရေးပါသောဆည်တစ်ခုဖြစ်ပြီး တိုက်ကြီးမြို့နယ်အပါအဝင် အခြားသောမြို့များရှိ စိုက်ပျိုးတောင်သူတို့အတွက် လိုအပ်သောရေကို ထိုဆည်မှ နှစ်စဉ်ပေးဝေလျက်ရှိရာ ယခုနှစ်နွေစပါးအတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်မှ စတင်ပို့လွှတ်လျက်ရှိ၍ နွေစပါးအောင်ရေသွင်းသောကာလထိ ဆည်ရေပို့လွှတ်မှုနှင့်အတူ ကျေးရွာပေါင်း ၈၆ ရွာကို အကျိုးပြုလျက်ရှိကြောင်း သိရသည်။
တဘူးလှဆည်မှာ ပဲခူးရိုးမဧရိယာနှင့် ဆက်စပ်လျက် လှပသောဆည်တစ်ခုဖြစ်ပြီး ဥက္ကံမြို့မှ ၁၈ မိုင်ကျော်အကွာ ဥက္ကံသကြားစက်လမ်းအဆုံးတွင် တည်ရှိ၍ တောင်သူတို့ စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါသော ဆည်ဖြစ်သည်။ ထိုဆည်ကို ၁၉၉၃-၁၉၉၄ ခုနှစ်တွင် စတင်တည်ဆောက်၍ ၁၉၉၅-၁၉၉၆ ခုနှစ်တွင် ပြီးစီးကာ ဆည်ရေပေးနိုင်သော ဧရိယာမှာ ၃၀၃၄၄ ဧကဖြစ်ကြောင်း၊ ထိုဆည်မှ ဥက္ကံချောင်းအတိုင်းရေပေးဝေလျက် ရေဆင်းဧရိယာမှာ ၈၆ စတုရန်းမိုင်ရှိပြီး နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၈၄ လက်မရရှိသောကြောင့် ဆည်အတွင်းသို့ နှစ်စဉ်ပျမ်းမျှစီးဝင်ရေ ၂၈၀၀၀၀ ဧကပေ စီးဝင်သည်။ မြေသားတမံအမြင့် ၉၅ ပေ၊ အလျား ၁၃၀၅ ပေရှိသောကြောင့် ကန်ရေအပြည့် ၁၉၄၆၀၀ ဧကပေ ရေပမာဏသိုလှောင်နိုင်ပြီး ကန်အတွင်းကျွန်းစုများသဖွယ် သစ်ပင်၊ ဝါးပင်များ ပေါက်ရောက်လျက်ရှိရာ စိမ်းစိုလှပသောဆည်ဖြစ်၍ ဆည်ရေပြင်အပြည့် အကျယ်ဧရိယာမှာ ၇၈၀၀ ဧကရှိသောကြောင့် ၂၀၂၀-၂၀၂၁ ခုနှစ်နွေစပါးအတွက် ဆည်ရေပေးနိုင်သောဧရိယာ ဧက ၃၀၃၄၄ တွင် ဧက၂၆၀၂၂ လျာထားပို့လွှတ်လျက်ရှိသည်။
“ဒီနွေစပါးအတွက် ဆည်ရေကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး ပို့လွှတ်ပါတယ်။ လယ်ဧက ၂၆၀၀၀ ကျော်အတွက် ပို့လွှတ်တာပါ။ တောင်သူတွေ နွေစပါးမှာ ရေအခက်အခဲမရှိအောင် နှစ်စဉ် တဘူးလှဆည်က ပို့လွှတ်ပေးပါတယ်။ မိုးစပါးအတွက် ရေလိုအပ်ရင်လည်း တောင်သူတွေလိုအပ်ချက်အတိုင်း ဆောင်ရွက်ပေးတာကြောင့် ကျေးရွာပေါင်း ၈၆ ရွာကို အကျိုးပြုနေတဲ့ ဆည်လည်းဖြစ်ပါတယ်”ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက မြန်မာ့အလင်းသို့ ပြောသည်။
ဆည်အနောက်ဖက်တမံမှ သံကူကွန်ကရစ်ရေထုတ်ပြွန်အလျား ၆၀၀ ရှိသော ၆ x ၄ ပေ ရေထုတ်ပြွန်၃ပေါက်ဖြင့် ရေပိုလွဲအကျယ် ၂၀၀ ပေရှိသော အိုဂီးပုံသဏ္ဍာန်၊ သံကူကွန်ကရစ်အတိုင်း ဆည်ရေပို့လွှတ်လျက်ရှိပြီး ၃၀ ဒသမ ၃၅ မိုင် အလျားရှိသော တူးမြောင်းမကြီးမှ အလျား ၁၉၈ ဒသမ ၄ မိုင်ရှိသော လက်တံမြောင်းများဖြင့် တောင်သူတို့ လယ်ကွက်များသို့ တိုက်ရိုက်ပေးပို့လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်ပျိုးဧက ၂၆၀၀၀ ကျော်အတွက် ဥက္ကံတဘူးလှဆည်မှ ဆည်ရေများပို့လွှတ်လျက်ရှိကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ - သန်းစိုး


