နေပြည်တော် နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ နွေစပါး၊ ဆီထွက် သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ စီမံကိန်းလုပ်ငန်းများ လျာထားချက်ပြည်မီရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက နွေစပါး၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ စီမံကိန်းလုပ်ငန်းများ လျာထားချက်ပြည်မီရေးနှင့် အခြားဝင်ငွေရသီးနှံများ၏ စိုက်ပျိုး ထုတ်လုပ်မှု လျော့ကျခြင်း မရှိစေရေး၊ နေကြာသီးနှံကို သီးထပ်သီးနှံအဖြစ် ထိထိ ရောက်ရောက် စိုက်ပျိုးလုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ရန်လိုအပ်ချက်များ၊ ဒေသ အလိုက် စိုက်ပျိုးမြေ အရည်အသွေးစစ်ဆေးပေးခြင်း၊ မြေဆီလွှာကျန်းမာရေး ဆိုင်ရာ နည်းပညာပေးခြင်း၊ ရေရရှိရေး မျိုးကောင်းမျိုးသန့် မျိုးစေ့ အသုံးပြုနိုင်ရေးအပါအဝင် သီးနှံအထွက်နှုန်းတိုးတက်စေမည့် ကူညီဆောင်ရွက်မှုများကို လက်တွေ့ကွင်းဆင်း၍ ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်ချက်များကို မှာကြားပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက်တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးသည်။
ယနေ့တွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်းဦးစီးဌာနပိုင်မြေအား ငှားရမ်း၍ ပုဂ္ဂလိကကုမ္ပဏီတစ်ခု က တည်ဆောက်လျက်ရှိသည့် စီးပွားရေးဘက်စုံသုံး စီမံကိန်း၏ အဆောက်အဦးများ တည်ဆောက်နေမှု၊ စီးပွားရေး ဘက်စုံသုံး အခြေခံ အဆောက်အအုံများနှင့် လုပ်ငန်းများ ကိုကြည့်ရှုစစ်ဆေးပြီး စာချုပ်ပါ စည်းကမ်းချက်များအတိုင်း စနစ်တကျဆောင်ရွက်ကြ ရန် တာဝန်ရှိသူများကို မှာကြားသည်။
ထို့နောက် GOY GONE JETTY ငါးချဆိပ်ကမ်းတွင် ငါးသယ်ရေယာဉ်များ ငါး ပုစွန် ချနေမှုနှင့် ငါး ပုစွန်လေလံစနစ်ဖြင့် ရောင်းချနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ရန်ကုန်ငါးလုပ်ငန်းဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် အအေးခန်းစက်ရုံတွင် ရေထွက်ပစ္စည်းများ ပြုပြင်အေးခဲနေမှု၊ စင်္ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တင်ပို့ရန် ဆောင်ရွက်နေမှု၊ ရတနာသိင်္ဂီ စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်၏ ငါး ပုစွန် အေးခဲ ထုပ်ပိုးမှုနှင့် Saudi, Qatar, Kuwait, India, UAE, USA, Bahrain နိုင်ငံများသို့ တင်ပို့နေမှု အခြေအနေများကို ကြည့်ရှုပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်


