မြင်းမူ၊ ၃ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး  စစ်ကိုင်းခရိုင်   မြင်းမူမြို့နယ်အတွင်းရှိ    ဒေသခံတောင်သူများ နွေစပါး စိုက်ပျိုးရေးအတွက် ပျိုးထောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပျိုးထောင်စိုက်ပျိုးမှုဆိုင်ရာ နည်းပညာပေးလုပ်ငန်းများကို  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက နည်းပညာလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဒေသခံတောင်သူများ ဝင်ငွေပိုရရှိရေးမှာ စပါးပိုမိုထွက်ရှိရန်နှင့်  ရင်းနှီးကုန်ကျငွေနည်းပါးရန် လိုအပ်ကြောင်း၊   ယင်းနည်းပညာများနှင့် ပတ်သက်၍ ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်းများနှင့်ပတ်သက်၍  နည်းပညာပေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

 

ယခင်စိုက်ပျိုးမှုအနေအထားအရာ စပါး တစ်ဧကလျှင် မျိုးစပါး သုံးတင်းအပါအဝင်    အထွေထွေကုန်ကျစရိတ် စုစုပေါင်း ငွေကျပ်(၃၂၀၀၀၀) ကျော် ကုန်ကျကြောင်း၊  ယခုပျိုးထောင်မှုနည်းစနစ်တွင် စပါးတစ်ဧကအတွက် မျိုးစေ့နို့ဆီဘူး လေးလုံးနှင့် အထွေထွေ ကုန်ကျစရိတ်မှာ ငွေကျပ် (၂၂၀၀၀၀)ခန့်သာ ကုန်ကျပြီး  စပါးထွက်ရှိမှုမှာလည်း ၂၀ ရာခိုင်နှုန်းခန့် ပိုမိုမည်ဖြစ်ကြောင်း၊   ယခုအခါ မိမိတို့မြို့နယ်အတွင်း   နွေစပါးစိုက်ပျိုးရန်အတွက် မြေပြုပြင်ခြင်းနှင့် စနစ်တကျ ပေါင်ဖြင့် ပျိုးထောင်ခြင်း လုပ်ငန်းများကို ယခုကဲ့သို့ ကျေးရွာတောင်သူများထံအရောက် နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဒေါ်သဲသဲအောင်ထံမှ သိရသည်။

 

မြင်းမူမြို့နယ်အနေဖြင့် ယခုလာမည့်နွေရာသီအတွင်း နွေစပါး ၂၁၁၄  ဧကကို စိုက်ပျိုးရန် လျာထား ဆောင်ရွက်ထားပြီး ဖြစ်ရာ လိုအပ်သည့်နည်းပညာများနှင့် ပတ်သက်၍  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အောင်စိုးဖေ(မြင်းမူ)