ကျုံပျော် ၄ ဖေဖော်ဝါရီ
နွေစပါးများပြိုင်တူပေါ်ချိန်သို့ ရောက်ရှိလာပါက စပါးဈေးတည်ငြိမ်စေရန် အဓိကမျှော်လင့်ထားကြောင်း ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်ပျိုးသူများထံမှ သိရသည်။
"နွေစပါးကို စက်တင်ဘာလ (၂၉)ရက်နေ့က စစိုက်ထားတာပါ။ GW-11 စပ်မျိုးစပါးကို (၂၂)ဧက စိုက်ထားပါတယ်။ ဒီမျိုးက (၁၁၅)ရက် သက်တမ်းရှိတယ်။ အထွက်နှုန်းကောင်းတယ်။ ဈေးကွက် အနေအထားကတော့ အဆင်ပြေရင် ပြေသလို သီးနှံထွက်ချိန် ပေါက်ဈေးကိုကြည့်ပြီး ရောင်းချရမှာပါ။ အရင်နှစ်ကထက်စာရင် ဒီနှစ်၊ ဒီအချိန် မျိုးစပါး ရှားပါးချိန်မို့ ဈေးကောင်းနေပေမယ့်လည်း စပါးတွေ ပြိုင်တူပေါ်ချိန်ရောက်ရင်တော့ ဈေးပြန်ကျ သွားနိုင်ခြေ ရှိနေပါတယ်။ စပါးလှိုင်လှိုင်ပေါ်ချိန်မှာ ဈေးကွက် တည်ငြိမ်ဖို့က ပိုပြီးအရေးကြီးပါတယ်။ ဈေးကွက် တည်ငြိမ်မှသာ တောင်သူတွေဘဝ တိုးတက်လာမှာပါ" ဟု ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဓနော်ကျေးရွာအုပ်စု၊ ခရေကန်ကျေးရွာမှ နွေစပါး စီးပွားဖြစ်စိုက်ပျိုးသူ ကိုဖြိုးလင်းဇော်က ပြောသည်။
လက်ရှိဈေးကွက်တွင် နွေစပါး (GW-11 စပ်မျိုးစပါး) တင်း (၁၀ဝ)/ အစို ပေါင်ချိန်(၁၀ဝ)လျှင် ငွေကျပ် ၆၉၀,ဝ၀ဝ ဈေးနှုန်းဖြင့် ရောင်းချနေကြောင်း သိရသည်။
"အရင်နှစ်က စပါးတွေပြိုင်တူပေါ်ချိန်မှာ ငွေကျပ် ၅၄၀,ဝ၀ဝ ဈေးနဲ့ ရောင်းခဲ့ရပါတယ်။ အခုနှစ်မှာတော့ အနိမ့်ဆုံးဈေးငွေကျပ် (၆၅၀,ဝ၀ဝ) လောက်နဲ့ မြဲနေမှသာ တောင်သူလယ်သမားတွေ အတွက် အဆင်ပြေမှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
နွေစပါးစိုက်ပျိုးသည့်အခါ ရေကျချိန်အပေါ် မူတည်ပြီး စိုက်ပျိုးလေ့ရှိပြီး ရေစိမ်၊ အစို့ဖောက်၊ ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးကြကြောင်း သိရသည်။
နန်းထက်ထက်ချစ်


